Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် ဇွန် ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညစာစားပွဲနေရာသို့ ရောက်ရှိကြရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ညစာစားပွဲကို စတင်ကျင်းပပြုလုပ်ရာ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေရာဒေသချင်း အလှမ်းကွာဝေးသော်လည်း ရင်ဘတ်ချင်းနီးကြပါကြောင်း၊ ကိုးကွယ်ရာ ဘာသာတရားချင်းလည်း တူညီမှုရှိကြပြီး အခြေခံဘာသာတရား တူညီနီးစပ်မှုမှ အစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ Buryatia ပြည်နယ်သို့ လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိပါကြောင်း၊ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သည့် ပြည်နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမိုတိုက်ဆိုင်မှုရှိကြောင်း၊ ဘာသာရေးဆိုင်ရာ ကူးလူးဆက်ဆံဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ကြောင်း။

ဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်တို့ Buryatia ပြည်နယ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးအစရှိသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆွေတော် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ကျန်းမာချမ်းသာ၍ အဆင်ပြေချောမွေ့ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း Buryatiaပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။