Skip to main content

မူးယစ်ဆေးဝါး ထိရောက်စွာတိုက်ဖျက် အမျိုးသားရေးတာဝန်ဖြင့် ဆောင်ရွက်

လူသားမျိုးနွယ်တစ်ရပ်လုံးနှင့်ဆိုင်သည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆုတ်ယုတ်ပျက်စီးစေသည်သာမက နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်စေသည့် မူးယစ်ဆေးဝါးပြဿနာကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများက ထိရောက်စွာတိုက်ဖျက်လျက်ရှိသလို မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၉၆၁ ခုနှစ်တွင် မူးယစ်ဆေးဝါးကွန်ဗင်းရှင်း၊ ၁၉၇၁ ခုနှစ်တွင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာကွန်ဗင်းရှင်းနှင့် ၁၉၈၈ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်းတို့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေကိုပြဋ္ဌာန်းခြင်း၊ ၁၉၉၈ ခုနှစ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီဖွဲ့စည်းခြင်း၊ ၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းခြင်းစသည့် လိုအပ်သောဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဆောင်ရွက်ချက်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အခါအားလျော်စွာ ဖြည့်စွက်ပြင်ဆင်မွမ်းမံခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်ခြင်းများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒတစ်ရပ်ကို ရေးဆွဲထုတ်ပြန်ပြီး မူဝါဒကို အထောက်အကူဖြစ်စေမည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မှုမူဘောင်တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ဦးဆောင်မှုသည် အမှန်တကယ်အရေးပါသောလုပ်ငန်းဖြစ်၍ ဒေသဆိုင်ရာအဖွဲ့အစည်းများ ဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကို အရှိန်အဟုန်ဖြင့် တက်ညီလက်ညီဆောင်ရွက်သွားရန် လိုအပ်ပါသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ထိရောက်စွာဆောင်ရွက်နိုင်သောကြောင့် နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ စိတ်ကြွဆေးများ အမြောက်အမြားဖမ်းဆီးရမိမှု သတင်းများကို နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်နှင့်အမျှ ဖတ်ရှုနေရသည်။ မူးယစ်ဆေးဝါးအမျိုးမျိုးကို ရှမ်းပြည်နယ်မှတစ်ဆင့် နိုင်ငံအတွင်းဖြတ်သန်းပြီး  ရခိုင်ပြည်နယ်သို့ ပို့ဆောင်ကာ ပြည်ပနိုင်ငံများအထိ သယ်ဆောင်ဖြန့်ဖြူးခဲ့သည့်ဖြစ်စဉ်များကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများ အဆက်မပြတ်ဖော်ထုတ် ဖမ်းဆီးရမိနေသည်မှာ ပရီကာဆာဟုခေါ်သည့် အစပျိုးဓာတုပစ္စည်းများကိုအသုံးပြု၍ ဆေးပြားများအဖြစ် အလွယ်တကူထုတ်လုပ်နေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဓာတုပစ္စည်းများ အများဆုံးထွက်ရှိသည့် အိမ်နီးချင်းဖွံ့ဖြိုးပြီးနိုင်ငံကြီးများကြားတွင် တည်ရှိနေသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ တားမြစ်ထိန်းချုပ်ရေးတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံသတင်းများ ဖလှယ်၍ ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အသွားအလာများသည့် လမ်းကြောင်းများတွင် ခေတ်မီရှာဖွေရေးကိရိယာများ တပ်ဆင်အသုံးပြု၍ တိကျစွာစစ်ဆေးဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်သူများအနေဖြင့် ရှောင်ကွင်းလမ်းများကိုအသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းများ ပြောင်းလဲလာခြင်း၊ သိုဝှက်သယ်ဆောင်နည်းစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ်ရေလမ်းကြောင်းများ အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။ ယနေ့ကာလတွင် အသွင်ပြောင်းဓာတုပစ္စည်းများအသုံးပြု၍ ထုတ်လုပ်လာသည့်အတွက် စိုးရိမ်းဖွယ်ရာအခြေအနေရောက်လာသည်။ အထူးသဖြင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များကို အကြောင်းပြု၍ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများ ကြီးထွားလာသည်ဟု သုံးသပ်ရသည်။

သို့ဖြစ်ရာ မျက်မှောက်ကာလ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်းလာခဲ့ပြီး မူးယစ်ဆေးဝါးပပျောက်ရေးကို အရှိန်အဟုန်ဖြင့် တိုက်ဖျက်ဆောင်ရွက်နိုင်သော်လည်း ဓာတုပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးများ၊ အက်ဖက်တမင်း၊ ကတ်တမင်းနှင့် စိတ်ပျော်ဆေးရည်ကဲ့သို့ လူလုပ်မူးယစ်ဆေးဝါးပြဿနာများ ပိုမိုကြီးထွားလာနေရာ နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာအမျိုးမျိုးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင် အားသွန်ခွန်စိုက် ကြိုးပမ်းတိုက်ဖျက်ကြရမည် ဖြစ်ပါကြောင်း။ ။