နေပြည်တော် ဇွန် ၂၄
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းသည် ထိုင်းဘုရင့်နိုင်ငံ ဗန်ကောက်မြို့တွင် Video Conferencing စနစ်ဖြင့်ပြုလုပ်သည့် အာရှဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constit-utional Courts and Equivalent Institutions -AACC) ၏ ဘုတ် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးနှင့် စာတမ်းဖတ်ပွဲသို့ တက်ရောက်သည်။
ယနေ့နံနက်ပိုင်းတွင် စာတမ်း ဖတ်ပွဲကို “The Courts and the Protection of Human Rights” ခေါင်းစဉ်ဖြင့်ကျင်းပရာ ထိုင်းဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တူကီယဲသမ္မတနိုင်ငံနှင့် ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏အခန်းကဏ္ဍ၊ တရားရုံးများအနေဖြင့် ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုများနှင့်စပ်လျဉ်း၍ စာတမ်းများဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် AACC အသင်း ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို ဆက်လက်၍ကျင်းပရာ လက်ရှိ AACC အသင်း၏ ဥက္ကဋ္ဌတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းဘုရင့်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌက ၎င်းတာဝန်ထမ်းဆောင်မှုကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များကို သုံးသပ်တင်ပြခြင်း၊ AACC အသင်း၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံးများဖြစ်သည့် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအတွင်း ရေးမှူးချုပ်ရုံး (AACC - SPC)၊ ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး (AACC-SRD) နှင့် တူကီယဲသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (AACC-CTHRD) တို့က ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာများတင်သွင်းခြင်း၊ နောင်အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဥဇဘက်ကစ္စတန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးခြင်းနှင့် AACC အသင်းသို့ အီရတ်သမ္မတနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်က အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားခြင်းကိစ္စတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ ဘုတ်အဖွဲ့ဝင်နိုင်ငံ များအစည်းအဝေးနှင့် စာတမ်းဖတ်ပွဲသို့ အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constit-utional Courts and Equivalent Institutions - AACC) ၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့်အတူ အခြားအဖွဲ့ဝင်နိုင်ငံများမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
သတင်းစဉ်