Skip to main content

ပြည်သူလူထု စားရေရိက္ခာဖူလုံရေး စိုက်ပျိုးမွေးမြူရေး မြှင့်တင်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ဟူသည့်အချက်ကို ချမှတ်ထားရာ အဆိုပါဦးတည်ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများ စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်ရာတွင် အထူးသဖြင့် လူဦးရေထူထပ်သော မြို့ပြနေပြည်သူလူထုအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စံနမူနာပြအနေဖြင့် ခေတ်မီနည်းစနစ်များနှင့် တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် အခြားဒေသများပါ စားရေရိက္ခာဖူလုံအောင် ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးဒေသကြီးတစ်ခုဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံးအတွက် စားရေရိက္ခာဖူလုံရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းသည် တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော လူဦးရေ ခုနစ်သန်းကျော်အတွက် နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် စားသုံးမှုလိုအပ်ချက်ကို ပြည့်မီစေရန်ဖြစ်သည်။ ရန်ကုန်လူဦးရေခုနစ်သန်းကျော်၏ နေ့စဉ်အသားစားသုံးမှု လိုအပ်ချက်ကို စနစ်တကျတွက်ချက်ပြီး ဇုန်အလိုက် လိုလားချက်ပြည့်မီအောင် ထုတ်လုပ်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ နေ့စဉ်စားသုံးမှုအတွက် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များ လုံလောက်အောင်ထုတ်လုပ်ရန်လိုအပ်သည်။ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတမှသာ သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းများဖြင့် ရောင်းချလည်ပတ်နိုင်မည်ဖြစ်သည်။ အခြေခံစားကုန်များကို ဖူလုံပေါများစွာဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်မှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသောပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ထွက်ရှိသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ဈေးကွက်အတွင်းသို့ အလျင်အမြန် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် လိုအပ်သည်။ စိုက်ပျိုးမွေးမြူရေးဇုန်များသည် ပြည်သူများ ပေါပေါသီသီစားသုံးနိုင်ရေး ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထွက်နှုန်းများ တိုးတက်ကောင်းမွန်အောင် ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သမားရိုးကျ စိုက်နည်း၊ ပျိုးနည်း၊ မွေးမြူနည်းထက် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးမွေးမြူခြင်းသည် အရည်အသွေးနှင့် အထွက်နှုန်းပိုမိုကောင်းမွန်စေသည်။ ဈေးကွက်ဝင် ဖူလုံပိုလျှံပြီး အခြားဒေသများသို့ ထပ်မံ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးကွက်များအတွင်းသို့ နေ့စဉ် စိုက်ပျိုးမွေးမြူရေးဇုန်များအပြင် ရန်ကုန်ပတ်ဝန်းကျင် အနယ်နယ်အရပ်ရပ်မှ အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုး နေ့စဉ်ပို့ဆောင်ဖြန့်ချိရောင်းချလျက်ရှိသည်။ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်တွင် ဥစားကြက်မွေးမြူရေးကို တိုးချဲ့ဆောင်ရွက် လျက်ရှိပြီး အသားတိုးဝက်များ မွေးမြူထားရှိသည့်အပြင် ဝက်သားပေါက်ထုတ်လုပ်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အစေ့ထုတ်ပြောင်း စပ်မျိုးစိုက်ပျိုးထုတ်လုပ်ရေးကို ဆောင်ရွက်လျက်ရှိပြီး အထွက်တိုးပြောင်းမျိုးစေ့စိုက်ပျိုးထုတ်လုပ်ရေးကိုပါ ဆောင်ရွက်လျက်ရှိသည်။ တိရစ္ဆာန်အစာစပ်စက်ရုံ တည်ဆောက်ရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး ဒေသကြီးဖြစ်သည်နှင့်အညီ လူဦးရေခုနစ်သန်းကျော်အတွက် စားရေရိက္ခာဖူလုံရေးကို ခေတ်မီနည်းစနစ်ကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် တိုးချဲ့မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သောကြောင့် စားရေရိက္ခာဖူလုံပြီး ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတကာ ကုန်စည်ဈေးနှုန်း သင့်တင့်လျောက်ပတ်သည့် အကျိုးရလဒ်များရရှိလာသဖြင့် အခြားဒေသများပါ စံနမူနာပြအဖြစ် ဆက်လက်တိုးချဲ့မြှင့်တင်ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း။       ။