Skip to main content

ကျိုက်ထိုမြို့အနီး ရန်ကုန်- မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အန္တရာယ်မဖြစ်စေရေး ဖယ်ရှားရှင်းလင်း

နေပြည်တော် ဇွန် ၂၄

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ အင်္ဂပိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးအားလည်းကောင်း၊ အဆိုပါ ပြည်ထောင်စုလမ်း၏ မိုင်တိုင်အမှတ် (၉၄/၇)အနီး တံတားအမှတ် (၃/၉၅)နေရာရှိ တံတားအောက်ခြေတွင် ငါးဂါလန်ပုံးများဖြင့်ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်းခုနစ်လုံးနှင့် မိုင်တိုင်အမှတ်(၉၄/၃) နေရာ၌ ငါးဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း နှစ်လုံးတို့အားလည်းကောင်း စုစုပေါင်းဒေသန္တရလက်လုပ်မိုင်း ၁၁ လုံးတို့အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများပြည်သူများ အသက်အန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ ဖယ်ရှားရှင်းလင်းခဲ့ရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ပြည်သူများ ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်