Skip to main content

အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့

မူးယစ်ဆေးဝါးပြဿနာသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ပြဿနာတစ်ရပ်ဖြစ်ပြီး သန်းပေါင်းများစွာသော လူတို့၏ဘဝများကို ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေသည့် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုတွင် သုံးစွဲသူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးတို့ကို ထိခိုက်မှုဖြစ်ပေါ်စေပြီး လူသားအရင်းအမြစ် ဆုံးရှုံးမှုဖြစ်ပေါ်စေသည်။ မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများကမူ လက်နက်မှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံ၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေသည်။

လက်ရှိမိမိတို့နိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေးတို့ကို အာရုံစိုက်ဆောင်ရွက်နေရခြင်းတို့က မူးယစ်ရာဇဝတ်ဂိုဏ်းများအတွက် အခွင့်အလမ်းသဖွယ်ဖြစ်နေသည်။ အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသား အမည်ခံလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်း သူများက ၎င်းတို့၏ ပမာဏကြီးမားသည့်ဝင်ငွေလမ်းကြောင်း တစ်ခုအဖြစ် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင် ပတ်သက်နေကြခြင်းဖြစ်ရာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများမှာ မကြုံစဖူးသော အတိုင်းအတာ ဖြင့် မြင့်တက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ နယ်စပ်နယ်နိမိတ်နှင့် ထိစပ်နေသည့် ရွှေတြိဂံဒေသတွင် ဓာတုနည်းဖြင့် ထုတ်လုပ်ထားသည့် မက်သာဖက်တမင်းအပါအဝင် မျိုးဆက်သစ်မူးယစ်ဆေးများက ခေတ်ဟောင်းမူးယစ်ဆေးများဖြစ်သော ဘိန်းနှင့် ဘိန်းဖြူ စသည်တို့ထက် ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု အဆများစွာ သာလွန်လျက်ရှိပြီး အွန်လိုင်းလိမ်လည်ခြင်းနှင့် ငွေလိမ်ဂိုဏ်းများမှာလည်း နယ်စပ်အနီးတစ်လျှောက်တွင်ရှိနေရာ လက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်ဂိုဏ်း၊ ငွေလိမ်ဂိုဏ်းစသည့် ရာဇဝတ်ဂိုဏ်းများကြားတွင် နီးကပ်သည့် ဆက်ဆံပတ်သက်မှုများ ရှိနေသည်။ ယင်းဒေသများတွင်ထုတ်လုပ်ပြီး ပြည်တွင်းသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် ဖြတ်သန်းသယ်ဆောင်နေကြသည်။ မူးယစ်ဆေးများမှာ ကြီးမားသည့် ပမာဏဖြင့် စီးဆင်းနေခြင်းဖြစ်ပြီး ပြည်တွင်းရောင်းချမှုနှင့် အများစုမှာ ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံတကာဈေးကွက်များသို့ ဆက်လက်ပို့ဆောင်နေခြင်းဖြစ်သည်။

လက်တင်အမေရိကနှင့် ကာရစ်ဘီယန်ဒေသတို့တွင် ကိုကင်းထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာခြင်းက အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်စေပြီး အစိုးရအဖွဲ့အစည်းများကို ပျက်စီးစေသည်။ ကိုကင်းသုံးစွဲမှု ကျယ်ပြန့်လာသည်နှင့်အမျှ ဈေးကွက်လျင်မြန်စွာကြီးထွားလာခဲ့ရာ ဥရောပကိုကျော်လွန်၍ အာရှနှင့် အာဖရိကသို့ပင် ခရီးပေါက်လာခဲ့သည်။ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုသည် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပါအဝင် အခြားရာဇဝတ်မှုများနှင့် နက်ရှိုင်းစွာဆက်စပ်လျက်ရှိရာ ယင်းသို့အပြန် အလှန်ဆက်နွှယ်နေမှုများသည် ဆင်းရဲမွဲတေမှု၊ ခေါင်းပုံဖြတ်မှု၊ အဖွဲ့အစည်းဆိုင်ရာ အားနည်းမှုတို့ကို အမြစ်တွယ်စေသည့် စက်ဝန်း၏ အစိတ်အပိုင်းပင်ဖြစ်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရပ်တန့်စေခြင်းသည် အဆိုပါ သံသရာစက်ဝန်းကို ဖြတ်တောက်ခြင်းပင်ဖြစ်သည်။ ယခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့က တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် အစားထိုးအသက်မွေးဝမ်းကျောင်း ပညာရေး စသည်တို့ပါဝင်သည့် ရေရှည်တည်တံ့သော မူးယစ်အကာအကွယ်လုပ်ငန်းများ၌ ပိုမိုရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း နှိုးဆော်ထားပါကြောင်း။