မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီကပင် အက်သံ၊ ကွဲသံများ ပေးနေခဲ့ပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက်မည့်ကာလအတွက် ကြိုတင်၍ ပြဿနာဖန်တီးသူက ဖန်တီး၊ လက်နက်ပြင်သူက ပြင်၊ ထွက်ခွာသွားရတော့မည့် အင်ပါယာအရှင်သခင်များကို ကျွန်ယုံများအဖြစ် ခြေသလုံးဖက်သူကဖက်၊ သူ့ကျွန်ဘဝတွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ဝပ်လျှိုးနေခဲ့ကာ မိမိတို့အချင်းချင်းတွင် အစွယ်ထုတ် မာန်ဖီသူကဖီဖြစ်နေခဲ့ရာမှ လွတ်လပ်ရေးပူပူနွေးနွေးဘဝမှာပင် နိုင်ငံတစ်နံတစ်လျား ဒေသအနှံ့အပြားတို့မှာ လက်နက်ကိုင်ပုန်ကန်ထကြွ ဆူပူသောင်းကျန်းမှုများ တောမီးသဖွယ် တောက်လောင်လာခဲ့သည်။
လွတ်လပ်ရေးရသည့်နေ့မှစ၍ ယနေ့အချိန်အထိ နှစ်ပေါင်း ၈၀ နီးနီးကာလအတွင်း မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့က ငြိမ်းချမ်းရေးအတွက် အားထုတ်ခဲ့ကြသည်။ တတ်စွမ်းသမျှ ကြိုးပမ်းခဲ့ကြသည်။ လက်နက်ကိုင်ပဋိပက္ခများ၏ နှစ် ၈၀ ခန့် သမိုင်းတစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများစွာတို့နှင့် တွေ့ဆုံမှုများစွာ၊ ဆွေးနွေးမှုများစွာ၊ သဘောတူညီမှုများစွာ၊ လက်မှတ်ရေးထိုးမှုများစွာ မှတ်တမ်းများတွင်ရှိနေသည်။ သို့ရာတွင် အယူအဆအမျိုးမျိုး၊ မျှော်မှန်းချက်အမျိုးမျိုး၊ အကျိုးစီးပွားအမျိုးမျိုးတို့ ကိုယ်စီရှိနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်း တို့မှာ အချို့က ငြိမ်းချမ်းလိုသော်လည်း အချို့က မငြိမ်းချမ်းလို၊ တစ်ဖွဲ့တည်းမှာပင် တစ်ပိုင်းက ငြိမ်းချမ်းလိုပြီး ကျန်တစ်ပိုင်းက မငြိမ်းချမ်းလို၊ ဤသို့ဖြင့် မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၈၀ နီးနီးဖြစ်လာသည့်အချိန်အထိ နိုင်ငံပိုင်နက်နယ်နိမိတ်အတွင်း ရာနှုန်းပြည့်ငြိမ်းချမ်းသည့်နေ့ဟူ၍ တစ်နေ့မှ မရှိခဲ့။
စင်စစ်အားဖြင့် ငြိမ်းချမ်းရေးသည် ခေတ်အဆက်ဆက်မှ ပြည်သူများ လိုလားတောင့်တခဲ့ကြသည့် ဆန္ဒဖြစ်သည်။ အထူးသဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် နေရာဒေသများတွင် နေထိုင်နေကြရသည့် ပြည်သူများ၏ ပြင်းပြလှသော အလိုဆန္ဒပင်ဖြစ်သည်။ မကြီးပွားမချမ်းသာလျှင်နေပါ၊ အေးချမ်းသာယာစွာ လုပ်ကိုင်စားသောက်နိုင်ပြီး လုံခြုံစိတ်ချစွာ အိပ်စက်ခွင့်ရလျှင် တော်ပါပြီဟူသော တောင့်တသံများမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျော်လွန်ဖြတ်သန်းခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် အပြစ်မဲ့ပြည်သူတို့အဖို့ ငြိမ်းချမ်းမှုမရှိခြင်း၏ နောက်ဆက်တွဲဖြစ်သော ဘေးအန္တရာယ်များ၊ မလုံခြုံမှုများကိုသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည်ဖြင့် အဘက်ဘက်မှ နစ်နာဆုံးရှုံးကြရသည်။ သို့ဖြစ်ရာ ကမ္ဘာဦးလူတို့ နေနှင့်လကိုမျှော်သလို ငြိမ်းချမ်းရေးကို မျှော်ကြသည်။ ယုတ်စွအဆုံး ငြိမ်းချမ်းရေးအထိ ခရီးမပေါက်နိုင်သေးလျှင်ပင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားရေးမျှဆိုပါက လည်း ပြည်သူတို့အတွက် အကျိုးကျေးဇူးတချို့ ဖြစ်ထွန်းနိုင်သည် ပင်ဖြစ်သည်။
တိုက်ခိုက်မှုများသည် နိုင်ငံရေးမကျေလည်မှုများကို အခြေခံ၍ ဖြစ်ပေါ်လာပြီး အကြမ်းနည်းဖြင့် အဖြေရှာကြခြင်းဖြစ်သည်။ လက်နက်ကိုင်အကြမ်းနည်းဖြင့် နှစ်ပေါင်း ၈၀ ခန့်ကြာမြင့်လာ သည့်တိုင်အောင် အဖြေမထွက်ခြင်းမှာ မှားယွင်းနေ၍မှတစ်ပါး အခြားမရှိနိုင်။ လက်ရှိနိုင်ငံကို တာဝန်ယူထားသည့်အစိုးရက ငြိမ်းချမ်းရေးအတွက် တံခါးကို အစဉ်အမြဲဖွင့်လှစ်ပေးထားကြောင်း ထုတ်ဖော်ပြောကြားထားသည်။ စကားဝိုင်းဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းစွာအဖြေရှာကြရန်လည်း အခွင့်အလမ်းများရှိနေသည်။ ထို့အပြင် မျက်မှောက်ခေတ်သည် သိက္ခာရှိရှိဖြင့် ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်မှုကိုခံယူကာ လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည့် ခေတ်လည်းဖြစ်သည်။
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်စာနာမှု၊ နိုင်ငံနှင့် ပြည်သူအကျိုးကို အလေးထားမှုများဖြင့် ထာဝရငြိမ်းချမ်းမှု ရရှိရေးမှသည် အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေးအထိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အတူတကွ ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။