မိမိတို့ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးထက် အဆပေါင်းများစွာကြီးမားသည့် နေသည် စွမ်းအင်များ စဉ်ဆက်မပြတ်ထုတ်လွှတ်နေသည့် ဧရာမနျူကလီးယားဓာတ်ပေါင်းဖိုကြီး တစ်ခုသဖွယ်ဖြစ်သည်ဟု သိပ္ပံပညာရှင်များကဆိုသည်။ နေလုံးကြီး၏ အူတိုင်အလယ်ဗဟိုတွင် ဟိုက်ဒရိုဂျင်အက်တမ်များပေါင်းစပ်ပြီး ဟီလီယံများဖြစ်ပေါ်လာရသည့် ဒြပ်ပေါင်းစပ်မှုဖြစ်စဉ်မှ စွမ်းအင်များ မြောက်မြားစွာထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
နေစွမ်းအင်(Solar energy)သည် ကမ္ဘာပေါ်တွင်အပေါများဆုံး စွမ်းအင်၊ ကုန်ဆုံးသွားခြင်းမရှိနိုင်သော ပြန်ပြည့်မြဲစွမ်းအင်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအနည်းဆုံးသော သန့်ရှင်းသည့် စွမ်းအင်မျိုးဖြစ်သည်။ “မိမိတို့နိုင်ငံတွင် ပျမ်းမျှအားဖြင့် ရက်ပေါင်းသုံးရာကျော် ခန့်သည် အလင်းနှင့်နေရောင်ခြည်ကိုရရှိကြောင်း၊ စက်ရုံအလုပ်ရုံများ၌ ဆိုလာလျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကို များစွာလျှော့ချနိုင်ခြင်းကြောင့် အကျိုးအမြတ်များပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
နေစွမ်းအင်ကိုအသုံးပြုနိုင်သည့် နည်းလမ်းများစွာရှိသည့်အနက် အဓိကသုံးစွဲကြသည့် နည်းလမ်းနှစ်ခုမှာ photovoltaics နှင့် solar thermal collector တို့ဖြစ်သည်။ ပထမနည်းလမ်းဖြစ်သော photo-voltaics (PV) စနစ်တွင် နေရောင်ခြည်စွမ်းအင်ကို ဆိုလာပြားများနှင့်ဖမ်းယူကာ လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပြီး ဘက်ထရီများဖြင့် သိုလှောင်အသုံးပြုခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းသို့ ပေးပို့ခြင်းတို့ပြုလုပ်နိုင်သည်။ ဤနည်းလမ်းကို အိမ်တစ်အိမ်ချင်းဖြစ်စေ၊ အိမ်အချို့စုပေါင်း၍ဖြစ်စေ တပ်ဆင်သုံးစွဲခြင်း၊ စက်ရုံအလုပ်ရုံများအတွက် လိုအပ်သည့်အရွယ်အစားများတပ်ဆင်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲနိုင်သည်။ လက်ရှိမိမိတို့နိုင်ငံတွင် သုံးစွဲမှုအနေဖြင့် PV စနစ်သည် ကနဦးတပ်ဆင်စရိတ်ကြီးမားနေခြင်း၊ နည်းပညာပိုင်းနှင့် လုံခြုံစိတ်ချရမှုအပိုင်းတို့တွင် သုံးစွဲသူတို့က စိုးရိမ်မှုအချို့ရှိနေခြင်းတို့ကိုတွေ့ရသည်။ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်သုံးစွဲမှုနှင့်စပ်လျဉ်း၍ သုတေသနနှင့်ဖွံ့ဖြိုးမှုတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဈေးကွက်သာ၍ အရည်အသွေးပိုမိုကောင်းမွန်သည့် ဆိုလာပြားများ ထုတ်လုပ်နိုင်မည်၊ ပိုမိုကောင်းမွန်သည့် နည်းပညာများကို သုံးစွဲလာနိုင်မည်ဆိုပါက နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြမည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်ကို အသုံးပြုရန် ဒုတိယနည်းလမ်းမှာ နေရောင်ခြည်မှအပူကို တိုက်ရိုက်ဖမ်းယူအသုံးပြုသည့် Solar Thermal collector နည်းလမ်းဖြစ်ပြီး အဆောက်အအုံများအတွင်း အပူပေးခြင်း၊ အအေးပေးခြင်း၊ အခြောက်ခံခြင်း၊ အပူပေးထားသော အရည်ဖြင့် တာဘိုင်စက်များမောင်းနှင်၍ လျှပ်စစ်ထုတ်ခြင်းတို့ ပြုလုပ်ကြသည်။ မိမိတို့နိုင်ငံတွင် ပြန်ပြည့်မြဲစွမ်းအင်အနေဖြင့် ရေအားလျှပ်စစ်ကို အများဆုံးအသုံးပြုရာ တည်ဆောက်မှုပမာဏ ကြီးမားခြင်းနှင့် ကြာမြင့်ခြင်း၊ ထုတ်လုပ်သည့်နေရာနှင့် သုံးစွဲသည့်နေရာတို့ ဝေးကွာခြင်းကြောင့် ဓာတ်အားလိုင်းများသွယ်တန်းရခြင်း၊ ရာသီအလိုက် ဓာတ်အားထုတ်လုပ်မှုကျဆင်းခြင်းစသည့် အားနည်းချက်အချို့လည်းရှိရာ ယင်းအားနည်းချက်များကို နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲခြင်းအားဖြင့် ဖြည့်ဆည်းပေးနိုင်သည်။
နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်နှင့်အညီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် နည်းလမ်းအသွယ်သွယ်ဖြင့် အားပေးဆောင်ရွက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်များတွင် အပါအဝင်ဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို မြှင့်တင်ကြရပါမည့်အကြောင်း။ ။