နေပြည်တော် ဇွန် ၂၀
၂၀၂၅ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ် လယ်ဝေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းမြေနေရာ၌ ကျင်းပသည်။
ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် ယနေ့စိုက်ပျိုးသည့် သစ်ပင်ပန်းပင်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာရှင်သန်စေရေး ဝိုင်းဝန်းစောင့်ရှောက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အထိမ်းအမှတ် သစ်ပင်များကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း ၂၅၆ ပင်၊ ပျဉ်းကတိုးပင် ၂၀၀၊ သရက် ၉၄ ပင်၊ ပိန္နဲ ၈၁ ပင်၊ ကျွဲကော ၁၄၄ ပင်၊ ချယ်ရီ ၁၄၅ ပင်၊ စိန်ပန်းပြာ ၁၄၅ ပင် စုစုပေါင်း ၁၀၆၅ ပင်ကို စိုက်ပျိုးကြသည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ရုံး၊ ဌာနများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များအား တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၃၆၅၁၇ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်