Skip to main content

အဆိုးကျော့သံသရာအဆုံးသတ်ဖို့ ဒုစရိုက်မှုများကို ဝိုင်းဝန်းနှိမ်နင်းစို့

သတ္တလောက၏ ပျက်စီးတတ်သော ဆုတ်ကပ်သဘောအရ ကပ်သုံးပါး၊ ဘေးသုံးမျိုး ကျရောက်နေသောကာလဖြစ်သည်။ ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါးဘေး၊ သတ္တန္တရကပ် - လက်နက်ဘေး၊ ရောဂန္တရကပ် - ရောဂါဘေး၊ ထိုဘေးသုံးမျိုး တစ်မျိုးမျိုး၊ တစ်မျိုးမကကြောင့် မျက်မှောက်ကာလတွင် ပျက်စီးခြင်းအမျိုးမျိုးနှင့် ကြုံတွေ့နေရသည်။ ထိုပျက်စီးခြင်းတို့သည် လူသားများအနေဖြင့် လောဘ၊ ဒေါသ၊ မောဟဆိုသည့် မာန်မာနများနှင့် စာရိတ္တဆိုသည့် ကိုယ်ကျင့်တရားဖောက်ပြန်မှုတွင် အကြောင်းခံသည်။

များသောအားဖြင့် လူလူချင်းစာနာထောက်ထားမှု၊ ညှာတာသနားမှု၊ ရိုင်းပင်းကူညီမှု၊ ကိုယ်နှင့်ထပ်တူ ကိုယ်ချင်းစာတရားထားရှိမှု၊ မကောင်းမှုတွင် ရှက်ကြောက်မှု၊ ကောင်းမှု၊ မကောင်းမှု ဆင်ခြင်တွေးတောမှု စသည့်လူဟူသည်တွင် ရှိအပ်သည့်စံနှုန်းများ လျော့ပါးလာမှုများမှအကြောင်းခံပြီး မကောင်းမှုများ၊ ဒုစရိုက်မှုများ တိုးပွားလာသည်ကိုတွေ့ရသည်။ သူတစ်ပါး၏ အသက်အိုးအိမ်ကို ထိခိုက်ပျက်စီးနစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်ခြင်း၊ လုယက်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာပြုကျင့်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်သုံးစွဲခြင်းစသည်တို့သည် တရားဥပဒေကိုချိုးဖောက်သော ဒုစရိုက်မှုများဖြစ်သည်။

ဤမကောင်းမှုများ လျော့ပါးပပျောက်စေရန်အတွက် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဟူသည့် အနန္တငါးပါး၏ သွန်သင်ဆုံးမလမ်းညွှန်မှုနှင့် ရိုသေဆည်းကပ်မှုကို ငယ်စဉ်အချိန်ကတည်းက လိုက်နာဆောင်ရွက်သင့်သည်။ ပညာသင်ချိန်ရောက်သည့်အခါ၌ ကောင်း၏၊ မကောင်း၏၊ မှန်၏၊ မမှန်၏ တွေးတောဆင်ခြင်အပ်သော အသိဉာဏ်ပညာဗဟုသုတများ တိုးပွားစေရန် ပညာသင်ခြင်း၊ စာအုပ်စာပေဖတ်ရှုခြင်းတို့ကို ပြုလုပ်ရသည်။ မကောင်းမှုဒုစရိုက်အမှုများသည် နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာ မှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်စေတတ်သည်။ ထို့ကြောင့် နိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရေး၊ တိုင်းရင်းသားအချင်းချင်းချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး တည်တံ့သာယာဝပြောရေးတို့ကို အလိုရှိကြသော ပြည်သူအပေါင်းတို့သည် မင်းမဲ့စရိုက်ဖြစ်သည့် ဒုစရိုက်မှုများမှအစ တားဆီးနှိမ်နင်းကြရမည်ဖြစ်သည်။

မကောင်းမှုဟူသည် သာမန်အမှုလေးများမှစ၍ မျိုးစေ့သန္ဓေတည်လာသည်ဖြစ်ရာ မကောင်းသော ဒုစရိုက်အမှုတို့ကို အနည်းငယ်မျှပင် စတင်မကျူးလွန်မိအောင် ထိန်းသိမ်းတားဆီးကြရပေမည်။ ကောင်းမှု၊ မကောင်းမှုဟူသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လေယူရာယိမ်းတိမ်းညွတ်တတ်သည်ဖြစ်၍ မကောင်းမှုရှောင် ကောင်းမှုဆောင်နိုင်သည့် ပတ်ဝန်းကျင်ကောင်းဖြစ်လာစေရန် ဝိုင်းဝန်းပြုပြင် ဖန်တီးတည်ဆောက်ကြရမည်ဖြစ်သည်။ ငယ်စဉ်က ကျေးညီနောင်ပုံပြင်ကဲ့သို့ လေပြင်းတိုက်ခတ်မှုတွင် မကောင်းမှုဒုစရိုက်ဘက်သို့ ရောက်သွားသည့် ကျေးငယ်နှင့် ကောင်းသောဝန်းကျင်သို့ရောက်သွားသည့် ကျေးငယ်ဥပမာသည် နမူနာယူစရာ ဖြစ်သည်။

ကလေးငယ်များ ပြုစုပျိုးထောင်ရေးအသိုက်အမြုံတစ်ခုသို့ ရောက်ရှိလာသည့် ကလေးငယ်များသည် မိသားစုအမျိုးမျိုးမှရောက်လာသည်ဖြစ်၍ စရိုက်ဆိုး၊ စရိုက်ကောင်းများ ရောနှောပါလာတတ်သည်မှာ သဘာဝဖြစ်သည်။ သွေးတူသည့် တစ်အူထုံ့ဆင်းမိသားစုအတွင်းမှာပင် ဗီဇစရိုက်ကွဲသူများ ပါလာတတ်သည်ကို တွေ့ရမည်ဖြစ်သည်။ စရိုက်ဆိုးသောကလေးငယ်သည် မကောင်းမှုကိစ္စများကို နှစ်သက်တတ်သည့်သဘောပါလာပြီး စရိုက်ကောင်းသော ကလေးငယ်သည် ကောင်းသောအမှုများကို နှစ်သက်တတ်သောသဘောရှိသည်။ မည်သို့ပင်ဖြစ်စေ ကလေးငယ်သည် ခံစားတတ်လွယ်သောသဘောရှိ၍ မကောင်းမှုများ၏ဆိုးကျိုးနှင့် ကောင်းမှုများ၏ ကောင်းကျိုးတို့ကို သိရှိနားလည်လာပါက ကောင်းသည့်ဘက်သို့သာ ကိုင်းညွတ်သွားတတ်သည်ကို အုပ်ထိန်းသူမိဘများအနေဖြင့် နားလည်သဘောပေါက်ကြပြီး ကောင်းသည့်စရိုက်လက္ခဏာများ ထွန်းကားအောင် ဝိုင်းဝန်းထိန်းကျောင်း ပြုပြင်ပျိုးထောင်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် နည်းပညာများနေ့စဉ်နှင့်အမျှ တိုးတက်ထွန်းကားနေသည့်အတွက် ကလေးများအားသန်သည့် နည်းပညာနယ်ပယ်တွင် အတုမြင်အတတ်သင် မကောင်းမှုများကိုရှောင်ရှားပြီး ကောင်းမှုများကို ဆောင်ကြဉ်းနိုင်စေရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ လတ်တလောတွင် ဖြစ်ပေါ်နေသော ရာဇဝတ်မှုများ၌ မသိနားမလည်မှုများကြောင့် အတုခိုးမှားပြီး လမ်းမှားရောက်ကြရသည့် အခြေအနေများကို တွေ့ရမည်ဖြစ်သည်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းများ၌ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်နှင့် မဆီလျော်သော တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စရိုက် များကို အတုခိုးမမှားဖို့ ဂရုစိုက်ကြရန်လိုပေမည်။ အထူးသဖြင့် ကျောင်းသား ကျောင်းသူကလေးအရွယ်များအချင်းချင်း မင်းမဲ့စရိုက်ဆန်စွာ အနိုင်ကျင့်နှိပ်စက်မှု၊ လက်တုံ့ပြန်မှု၊ ဆရာများအပေါ် ပြစ်မှားစော်ကားမှု စသည့်အပြုအမူများကို အတုခိုးမမှားအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် လူမျိုးနှင့်နိုင်ငံ ဖြစ်သည့်အလျောက် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာဖြစ်သော မကောင်းမှု ဒုစရိုက်အဆိုးကျော့သံသရာအဆုံးသတ်စေရန် ငယ်စဉ်ကာလကတည်းက ထိန်းကျောင်းပဲ့ပြင် တည့်မတ်ပေးပြီး မကောင်းမှုဒုစရိုက်မှန်သမျှကို ဝိုင်းဝန်းတားဆီး နှိမ်နင်းတိုက်ဖျက်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါကြောင်း။ ။