Skip to main content

၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade-12 ကျောင်းသား/ ကျောင်းသူများ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို ဆက်လက်ဖြေဆို

နေပြည်တော် ဇွန် ၁၉

နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများသည် ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၆၂၇၈၉ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈.၆၁ ရာခိုင်နှုန်း) ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား/ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများ ကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။