စာသင်ကျောင်းများက စာပေပညာသာမက စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေးအတွက်ကိုလည်း လေ့ကျင့်သင်ကြားပေးကြရန် နိုင်ငံတော်အကြီးအကဲက မကြာခဏ အမှာအကြားပြုထားသည်။ ကျောင်းသား ကျောင်းသူများကို အတန်းပညာအပြင် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သူများအဖြစ် ငယ်စဉ်ကပင် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ရန် လိုအပ်သည်ဖြစ်ရာ ဤတာဝန်ကို အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း ဆရာ၊ ဆရာမများက အဓိကထမ်းဆောင်ကြရမှာဖြစ်သည်။
“ကလေးငယ်များအား မိဘများအနေဖြင့် သွန်သင်ဆုံးမပေးမှုများရှိသကဲ့သို့ ဆရာ၊ ဆရာမများကလည်း သွန်သင်ပေးမှုများရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့်အချိန်များသဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြကြောင်း၊ ကျောင်းလုံးဝမနေဖူးသူများအနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာသင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့အတွက်လည်း ဆရာ၊ ဆရာမများအနေဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးသည် အရေးကြီးကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၁ ရက် ပြင်ဦးလွင်ခရီးစဉ်အတွင်း ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပညာသင်နှစ်တစ်နှစ်အတွင်း အတန်းအလိုက် သက်ဆိုင်ရာဘာသာရပ်များ၏ သင်ခန်းစာများကို ပြီးမြောက်အောင် သင်ကြားပေးရန်အပြင် ကိုယ်ကာယကြံ့ခိုင်ကျန်းမာရေး၊ စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ စည်းကမ်းလိုက်နာရေး၊ ဗဟုသုတပြည့်စုံရေးတို့အတွက်လည်း အစီအစဉ်များရေးဆွဲ၍ အသိပညာပေးခြင်း၊ သင်ကြားလေ့ကျင့်ခြင်း၊ စာသင်ချိန်အတွင်း အကြောင်းသင့်လျှင်သင့်သလို ဆရာ၊ ဆရာမများက သွန်သင်ဆုံးမခြင်းဖြင့် မိမိတို့၏ တပည့်များကို ပညာနှင့်အတူ အသိအလိမ္မာကိုပါ တစ်ပါတည်းပေးအပ်ကြရမည်ဖြစ်သည်။
ကျောင်းသားကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေးတွင် မိဘအုပ်ထိန်းသူများက အခြေခံကျဆုံးနေရာတွင်ရှိနေသည်။ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖဖြစ်သည်နှင့်အညီ မိမိတို့၏ ရင်သွေးသားသမီးများ လူတော်လူကောင်းဖြစ်လာစေရန် ဦးစွာသွန်သင်ဆုံးမကြရမည့် သူများမှာ အမိနှင့်အဖတို့ ဖြစ်သည်။ မိမိတို့၏ သားသမီးများ လမ်းမှားသို့မရောက်စေရေးအတွက် ဆရာ၊ ဆရာမတို့၏ မှန်ကန်သော သွန်သင်ဆုံးမမှုတွင် မိဘတို့ကလည်း ပူးပေါင်းပါဝင်ကာ နီးနီးကပ်ကပ်ဆောင်ရွက်ခြင်းအားဖြင့် သားကောင်းသမီးကောင်းများအဖြစ် အနာဂတ်လမ်းကို ဖြောင့်တန်းစွာ သွားနိုင်ကြမည်ဖြစ်သည်။
ငယ်ရွယ်နုနယ်သည့် အခြေခံပညာ ကျောင်းသူ ကျောင်းသားအရွယ်များမှာ ပြုပြင်ပုံသွင်းနိုင်သည့်အရွယ်များ ဖြစ်သည်။ သူငယ်တန်းမှစကာ တစ်တန်းပြီးတစ်တန်း၊ တစ်နှစ်ပြီးတစ်နှစ် ကြီးပြင်းရင့်ကျက်လာသည်နှင့်အမျှ အခြေခံပညာသင်ကြားမှု ပြီးဆုံးသည့်အချိန်တွင် စိတ်ဓာတ်နှင့်စည်းကမ်းတို့တွင်လည်း ပြည့်စုံသူ၊ ပြည့်ဝသူများ ဖြစ်လာကြပြီး အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူသွားနိုင်ကြမည်ဖြစ်သည်။ အဆင့်မြင့်ပညာသင် ကျောင်းသား ကျောင်းသူများဘဝတွင် စိတ်ဓာတ်၊ စည်းကမ်းတို့ကို မိမိတို့ကိုယ်တိုင် ထိန်းကျောင်းကြရမည်ဖြစ်ပြီး မိဘ၊ ဆရာ၊ ဆရာမတို့က ငယ်ရွယ်စဉ်က သွန်သင်ဆုံးမခဲ့သည့် လူရည်လူသွေးတို့မှာ ကျောင်းသား ကျောင်းသူတို့ကို လွှမ်းမိုးနေမည်ဖြစ်သည်။
စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အမျိုးသားရေးစိတ်ဓာတ်မြင့်မားသည့် နိုင်ငံသူ၊ နိုင်ငံသားများ အနာဂတ်တွင် အင်အားကြီးမားစွာ ပေါ်ထွန်းလာရေးအတွက် အခြေခံပညာစာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် မိဘများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ပြုစုပျိုးထောင်ကြရပါမည့် အကြောင်း။ ။