နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါသည်-
၁။ ကျွန်တော် အခုအမှတ်စဉ် (၁၄) မှာ သင်တန်းတက်ရမယ်ဆိုတော့ အရင်လည်း ကိုယ့်အရှေ့က အမှတ်စဉ်တွေမှာ သင်တန်းတက်ခဲ့ရတဲ့သူတွေကို အားကျလို့ ကျွန်တော်ကိုယ်တိုင် ဒီအမှတ်စဉ် (၁၄) ကို တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုပြည်သူ့စစ်မှုထမ်းကို လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော်လည်း အသက်ပြည့်ပြီဆိုတဲ့အတွက်ကြောင့် ပြည်သူ့စစ်မှုထမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ လာတက်ရောက်တာဖြစ်ပါတယ်။ သင်တန်းတက်ရတာလည်း ပျော်ပါတယ်။ ကျွန်တော့်စိတ်ခံစားချက်ကိုက နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရမယ်ဆိုတာ သိလို့ပါ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရမယ်ဆိုတာကို ခံစားချက် ကျွန်တော့်ရင်ဘက်ထဲမှာ ရှိလို့ပါ။ ကျွန်တော်ကတော့ ကျွန်တော်တာဝန်ထမ်းဆောင်ရမယ့် နှစ်နှစ်ကာလကို တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားပါမယ်လို့ ပြောချင်ပါတယ်။
၂။ ဒီသင်တန်းပြီးသွားလို့ရှိရင် ကိုယ်တာဝန်ကျမယ့်တပ်တွေကို ရောက်တဲ့အခါ နိုင်ငံတော်က ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းက ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာက နိုင်ငံသားတစ်ယောက်အနေနဲ့ မဖြစ်မနေ ထမ်းဆောင်ရမှာပေါ့။ အခုလို ရောက်လာခဲ့တဲ့အတွက်လည်း ဝမ်းလည်းဝမ်းနည်းတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဝမ်းနည်းတယ်ဆိုတာလည်း အိမ်နဲ့ခွဲခွာရတာပါ။ ဝမ်းသာတယ်ဆိုတာက ဒီမှာရောက်လာတော့ ကိုယ်ထင်ထားသလိုလည်း မဟုတ်ခဲ့ပါဘူး။ ဒီမှာအပေါင်းအသင်းတွေက ကိုယ်နဲ့ သေတူယှဉ်ဖက်တွေနဲ့တွေ့တော့ တစ်မျိုးလေးဝမ်းသာမိပါတယ်။ အပြင်မှာပြောတာတော ပြည်သူ့စစ်မှုထမ်းထဲ ရောက်လို့ရှိရင် နှစ်နှစ်မဟုတ်ဘူး။ သူတို့ထားသလောက်နေရမယ်လို့ ပြောကြပါတယ်။ ဒီထဲမှာရောက်တော့ သူတို့ပြောသလိုမဟုတ်ပါဘူး။ တာဝန်ထမ်းဆောင်ပြီး နှစ်နှစ်ပြည့်လို့ရှိရင် မိမိတို့ နေရာဒေသအသီးသီးကို ပြန်လို့ရပါတယ်။
သတင်းစဉ်