နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ပြည်ထောင်စုတစ်ဝန်းလုံးတွင် အလေးထားဆောင်ရွက်လျက်ရှိသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်ကာလကို ၂၀၂၅ ခုနှစ် အကုန်တွင်ကျင်းပနိုင်ရန် အသိပေးပြောကြားထားပြီးဖြစ်သည်။ ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ မြို့နယ်အများစုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကနဦးလျာထားကြောင်း အချက်အလက်များအရသိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြို့နယ် ၃၃၀ ရှိပြီး ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများအရ မြို့နယ်အားလုံး ကျင်းပနိုင်ခြင်းမရှိဘဲအကြောင်း အမျိုးမျိုးကြောင့် ချန်လှပ်ထားခဲ့ရသော မြို့နယ်များလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ မဲပေးခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေးများမဆုံးရှုံးအောင် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရန် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်လိုအပ်သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာတွင် ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များအတိုင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်ရာတွင် မြေပြင်တွင် နေထိုင်ခြင်းမရှိသော်လည်း ရုံးလက်ခံအိမ်ထောင်စုစာရင်းတွင် ပယ်ဖျက်ထားခြင်း မရှိသူများ၊ လူတစ်ဦးတည်းက အိမ်ထောင်စုလူဦးရေစာရင်းတစ်ခုထက်မက ပါဝင်နေသူများ၊ နိုင်ငံသားစိစစ်ရေးနံပါတ်တစ်ခုထက်မက ကိုင်ဆောင်နေသူများကို တွေ့ရသည်။
အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများကိုလည်း ယာယီအိမ်ထောင်စု လူဦးရေစာရင်းဖြင့် စာရင်းကောက်ယူခဲ့သည်။ နိုင်ငံတော်၏ ပကတိလူဦးရေစာရင်းနှင့်ပတ်သက်၍ ထိုကဲ့သို့ တရားဝင်အိမ်ထောင်စုစာရင်းပါ၊ စာရင်းပို၊ စာရင်းပျောက်သူများနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်စိစစ်ပြီး အတည်ပြုလူဦးရေစာရင်းတစ်ခုဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်အရ သတ်မှတ်ထားသည့် သန်းခေါင်စာရင်းရည်ညွှန်းချိန်၌တွေ့ရှိရာ အရပ်တွင် ကောက်ယူသည့်မူဖြင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လူဦးရေစာရင်းကွာဟမှု ရှိတတ်မှုများကိုအကြောင်းပြု၍ ၂၀၂၀ ပြည့်နှစ်တွင် အာဏာရနိုင်ငံရေးပါတီကြီးတစ်ခုက မဲမသမာမှုများပြုလုပ်ကာ အနိုင်ရအောင် ပြုလုပ်ခဲ့သည်ကို သင်ခန်းစာယူပြီး ယခုအခါ မဲစာရင်းများမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်လျက်ရှိသည်။ မြေပြင်ကွင်းဆင်းအတည်ပြု လူဦးရေစာရင်းနှင့် သန်းခေါင်စာရင်းလူဦးရေသည် ကာလအားဖြင့် နှစ်နှစ်ခန့်ကွာခြားနေပြီဖြစ်ရာ လူဦးရေကွာဟချက်အခြေအနေများကို သိရှိနိုင်ရေးနှင့် အချက်အလက်ပိုမိုပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းနှင့် ရုံးရှိစာရင်းနှစ်ခုကို မြို့နယ်အဆင့်မှသည် အခြေခံကျကျ အဆင့်ဆင့်စနစ်တကျ နှိုင်းယှဉ်သုံးသပ် တိုက်ဆိုင်စစ်ဆေး၍ မဲစာရင်းတိကျမှန်ကန်မှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုအခါ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲဝင်ရောက်မည့် နိုင်ငံရေးပါတီများ အသင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးပါတီများ တည်ထောင်ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပခြင်းတွင် မဲစာရင်းများမှန်ကန်ရေးနှင့် နိုင်ငံသားများ ဆန္ဒမဲပေးခွင့် အခွင့်အရေးများရရှိရေးသည် အခြေခံကျသည့်အချက်ဖြစ်သည်။ လက်ရှိတွင် ရုံးစာရင်းရှိ လူဦးရေစာရင်းနှင့် မြေပြင်စာရင်းနှစ်ခုကြား ကွာဟချက်များဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အချို့ပြည်သူများအနေဖြင့် မူရင်းဌာနေတွင်မရှိတော့ဘဲ အခြားဒေသများသို့ ရွှေ့ပြောင်းသွားလာလျက်ရှိရာ ၎င်းတို့အတွက် မဲပေးခွင့်ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တွင် ချမှတ်ထားသည့်တိုင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိသလို မဲစာရင်းများမှန်ကန်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိရာ အဆိုပါ အချက်နှစ်ချက်သည် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးအချက်များဖြစ်သည်။
သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံကျသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်တိကျရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။