Skip to main content

အတည်ပေါက်ဖြင့် ခြိမ်းခြောက်မှု

CDM မဝင်သည့် ဝန်ထမ်းများကို တရားစွဲ၊ အရေးယူနိုင်သည့် CDM ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်သည်ဟု ပြည်ဖျက်သတင်းဌာနတစ်ခုက သတင်းတစ်ပုဒ်ထုတ်လွှင့်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ရှိမနေသည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် ပြည်ပြေးအုပ်စုတစ်စုက နိုင်ငံအတွင်း၌ ဥပဒေနှင့်အညီ နေထိုင်လျက်ရှိပြီး သစ္စာရှိရှိဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများကို နည်းလမ်းတစ်ခုဖြင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ အချင်းချင်းပင် ဖြေရှင်း၍မရသော ပြဿနာများနှင့် သပွတ်အူလိုက်နေသည့်အဖွဲ့က ကယောင်ကတမ်းထလုပ်လိုက်သည့် လုပ်ရပ်ဟု ဆိုရမည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများမှာ မည်သည့်အစိုးရတက်လာသည်ဖြစ်စေ၊ မည်သို့မူဝါဒချမှတ်သည်ဖြစ်စေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်ကြရသူများဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်အရ ငါးနှစ်တစ်ကြိမ် အစိုးရအဖွဲ့များတက်လာခြင်း၊ ဆင်းသွားခြင်းတို့ရှိနေမည်ဖြစ်သော်လည်း ဝန်ထမ်းအဖွဲ့အစည်းများမှာ တစ်သမတ်တည်းရှိနေကြရသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်ပြီး ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းကမ်းတို့ကို လိုက်နာကြရသည်။ အဆိုပါဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များမှာ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရနှစ်ဆက်တို့၏ လက်ထက်တို့တွင်လည်း တည်ရှိခဲ့သည်။ ဝန်ထမ်းများကို ပါတီနိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးချကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တို့ကိုချိုးဖောက်ရန် လှုံ့ဆော်ခဲ့ကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှာ ဥပဒေမဲ့ကျူးလွန်ခဲ့ကြခြင်းပင်ဖြစ်သည်။

၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေခဲ့သည့် ဝန်ထမ်းကျင့်ဝတ်စာအုပ်တွင် လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုနှင့်စပ်လျဉ်း၍ ရှောင်ကြဉ်ရမည့် စည်းကမ်းများ၌ “တာဝန်အရ အထက်အကြီးအမှူးက ဥပဒေနှင့်အညီပေးသည့်အမိန့်ကို ဝန်ထမ်းကိုယ်တိုင်ဖီဆန်ခြင်း၊ အခြားဝန်ထမ်းတို့ကို ဆန့်ကျင်စေရန် လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်စည်းရုံးခြင်းဟူ၍လည်းကောင်း၊ “နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် စာအုပ်စာတမ်းများရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်းဟူ၍လည်းကောင်း၊ “နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင်ပါဝင်ခြင်း၊ သို့မဟုတ် လှုံ့ဆော်ခြင်းသို့မဟုတ် အားပေးကူညီခြင်းဟူ၍လည်းကောင်းပါရှိသည်။ ထို့အပြင် ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့် စပ်လျဉ်း၍လည်း “ပါတီနိုင်ငံရေးပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေးအကူအညီပေးခြင်း၊ အခြားနည်းထောက်ပံ့ကူညီခြင်းတို့ကို ရှောင်ကြဉ်ရန်၊ “မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူညီပေးခြင်း တို့ကို ရှောင်ကြဉ်ရန်တို့ကို ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိနိုင်သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ အဓိကရုဏ်းကာလအတွင်း လှုံ့ဆော်မှု၊ သွေးဆောင်ဖြားယောင်းမှုတို့ကြောင့် CDM ခေါ်နိုင်ငံနှင့် ပြည်သူ့အပေါ်သစ္စာမဲ့သည့် ကျူးလွန်သွားခဲ့သူများရှိခဲ့သည်။ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခံထားရသော CRPH, NUG တို့၏ လိမ်လည်လှည့်ဖြားမှုနောက်သို့ အလိုက်မှားခဲ့ကြသူများ၏ ကျော်မကောင်း၊ ကြားမကောင်းဖြစ်ရပ်များ၊ ရင်နင့်ဖွယ်ဖြစ်ရပ်ဆိုးများ၊ ရင်နာစရာဇာတ်လမ်းများကို ယနေ့တိုင် မပြီးဆုံးသေး။ CRPH နှင့် NUG တို့၏ လိမ်လည်မှုသားကောင်ဘဝ ကျရောက်ခဲ့ရသူများ၏ ပေါက်ကွဲသံများ၊ ညည်းညူသံများ၊ ငိုရှိုက်သံများလည်း မတိတ်ဆိတ်သေး။ ၎င်းတို့ပေးထားခဲ့သည့် ဒုက္ခများအတွက် တာဝန်ယူဖြေရှင်းပေးမှုမရှိ၊ တာဝန်မဲ့ပြုမူခဲ့ကြသည့်အပြင် ဥပဒေဘောင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို တရားစွဲမည်ဟု အတည်ပေါက်ဖြင့် ခြိမ်းခြောက်ခြင်းမှာ ကောက်ကျစ်စဉ်းလဲမှုတစ်ခုမျှသာဖြစ်ကြောင်း။ ။