နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများသည် ဂုဏ်သိက္ခာရှိသော နိုင်ငံဖြစ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားအတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို နိုင်ငံသားအားလုံးက လေးစားလိုက်နာကြရသည်။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်အတွက် ဥပဒေဆိုင်ရာအကြောင်းအရာများကို သိရှိထားရန်လိုအပ်သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုများသည် ဥပဒေ၊ စည်းကမ်းများကို သိလျက်နှင့် ဖောက်ဖျက်နေမှုများထက် ဥပဒေ၊ စည်းကမ်းများကို မသိနားမလည်ဘဲ ဖောက်ဖျက်ကျူးလွန်မှုများနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတိုင်း ဥပဒေ၊ စည်းကမ်းများကို နားလည်လိုက်နာတတ်စေရန် သက်ဆိုင်ရာနယ်ပယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ဥပဒေ၊ စည်းကမ်းများလိုက်နာရန်အတွက် ငယ်ရွယ်စဉ်ကာလကတည်းက အလေ့အကျင့်ကောင်းများ ဖန်တီးပေးထားရန်လိုသည်။ လောကတွင် အဟောင်းပြင်ခြင်းထက် အသစ်တည်ဆောက်ခြင်းမှာ ပိုမိုကောင်းသည်ကိုတွေ့ရသည်။
ထို့ကြောင့် လူငယ်လူရွယ် ကျောင်းသား ကျောင်းသူလေးများ ပညာသင်ကြားစဉ် အချိန်၌ ကိုယ်ကျင့်တရားကောင်းမွန်သော၊ စည်းကမ်းဥပဒေလိုက်နာတတ်သော အလေ့အထကောင်းများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။ ကလေးသူငယ် ကျောင်းသား ကျောင်းသူလေးများကို ကျောင်းသင်ပညာရပ်များသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်မြင့်မားရေးတို့ကို စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားရန် လိုသည်။ စည်းကမ်းစနစ်တကျရှိသည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးသွားရမည်ဖြစ်သည်။
တစ်ဖက်တွင် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခြင်း အားနည်းသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့လျက်ရှိသည်။ ထို့ကြောင့် ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ထားရန်နှင့် လေးစားလိုက်နာကြရန် လိုအပ်မည်ဖြစ်သည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြရန်လိုမည်ဖြစ်သည်။ ဤတွင် အဂတိလိုက်စားမှုသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ရန်အတွက် အဓိကတွန်းအားဖြစ်နေသည်ကို သတိပြုရန်လိုသည်။
ဥပဒေ၊ စည်းမျဉ်းစည်းကမ်းသည် လိုက်နာကျင့်သုံးရမည့် ပြည်သူများအတွက်ရော ကြပ်မတ်ထိန်းကျောင်းရမည့် သက်ဆိုင်သူများတွင်ပါ တာဝန်ရှိပေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေသဖြင့် ဒီမိုကရေစီစနစ်၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်သူများ အားလုံးသိရှိလိုက်နာရန်လိုအပ်သဖြင့် ဌာနဆိုင်ရာများအားလုံးတွင် ဥပဒေဆိုင်ရာသင်တန်းများ မဖြစ်မနေ တက်ရောက်သင်ကြားစေခဲ့သည်။ အလားတူ အခြေခံပညာကျောင်းများတွင်လည်း ဥပဒေဆိုင်ရာများကို သင်ကြားပေးလျက်ရှိသည်။
အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်းအဆင့် KG + 12 ကျောင်းသား ကျောင်းသူများကို ဥပဒေနှင့်ပတ်သက်ပြီး အခြေခံများသိရှိစေရေး သင်ကြားပေးလျက်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ လူကုန်ကူးမှုဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေအစရှိသည့် ကျောင်းသား ကျောင်းသူအရွယ်များ သိရှိနားလည်ရန်လိုအပ်သော ဥပဒေများကို သင်ကြားပေးခြင်းဖြစ်သည်။ KG + 12 ကျောင်းသား ကျောင်းသူများသည် အသက် ၁၆ နှစ်မှ ၁၈ နှစ်အရွယ်များ ဖြစ်ကြပြီး အသက် ၁၈ နှစ်ပြည့်ပါက ဆန္ဒမဲပေးကြရမည်ဖြစ်သည်။ ထို့ကြောင့် ဥပဒေနှင့်ပတ်သက်ပြီး သိရှိနားလည်နိုင်ရန် သင်ကြားပေးခြင်းသာဖြစ်ပြီး ဥပဒေနှင့်ပတ်သက်၍ စာမေးပွဲဖြေဆိုနေခြင်းမဟုတ်သည်ကို နားလည်ထားရမည်ဖြစ်သည်။
အခြေခံဥပဒေပညာကို သင်ကြားပေးမည့် ဆရာ ဆရာမများကိုလည်း ဥပဒေကို နားလည်သိရှိအောင် လေ့ကျင့်သင်ကြားခြင်းနှင့် သင်ကြားပြသသူများဖြစ်အောင် သင်တန်းများ ပေးလျက်ရှိသည်။ ထိုမှတစ်ဆင့် KG + 11 နှင့် KG + 10 ကျောင်းသား ကျောင်းသူများကိုလည်း ဥပဒေနှင့်ပတ်သက်သည့် အခြေခံများကို သိရှိနားလည်စေရေး ဆက်လက်သင်ကြားပေးသွားမည်ဖြစ်သည်။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်အသီးသီးတွင်လည်း ဒီမိုကရေစီ၏အခြေခံဖြစ်သည့် ဥပဒေကို သိရှိနားလည်နိုင်ရန်နှင့် စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များ ရှိစေရန်အတွက် ဥပဒေနှင့် စီးပွားရေးဆိုင်ရာဘာသာရပ်များကို သင်ကြားပေးလျက် ရှိသည်။
သို့ဖြစ်ရာ ဥပဒေ၊ စည်းကမ်းများသည် နိုင်ငံဖွံ့ဖြိုးရေးနှင့် အဆင့်အတန်းဂုဏ်ဒြပ် မြင့်မားရေးအတွက် အထောက်အပံ့ကောင်းများဖြစ်၍ သက်ဆိုင်ရာနယ်ပယ်များအလိုက် ဥပဒေကိုလေးစားလိုက်နာသူ၊ ထိန်းကျောင်းကြပ်မတ်သူများဖြစ်အောင်၊ နိုင်ငံအနာဂတ်အတွက် စည်းကမ်းပြည့်ဝသော အလေ့အကျင့်ကောင်းများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။