ရန်ကုန် ဇွန် ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများဖြစ်သည့် Forever Group ကုမ္ပဏီ၏ MRTV-4, Channel-7 နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Canal+ DTH, Media N ကုမ္ပဏီ၏ M Channel တို့ ရိုက်ကူးထုတ်လုပ်ရေးနှင့် ထုတ်လွှင့်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေး
ဦးစွာ ကမာရွတ်မြို့နယ်ရှိ Forever ကုမ္ပဏီနှင့် ပြည်ပကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Canal +DTH ရုံးသို့ ရောက်ရှိရာ CEO က Contant များ ကိုယ်တိုင်ထုတ်လုပ်မှုနှင့် ဝယ်ယူစုဆောင်းမှု၊ ယခုနှစ် ဇူလိုင်လမှစ၍ အင်္ဂလန် Premier League ဘောလုံးပွဲများဝယ်ယူ၍ တိုးချဲ့ထုတ်လွှင့်မည့် အစီအမံ၊ အုပ်ချုပ်မှုကိစ္စရပ်များနှင့် လုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့်အခက်အခဲများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ခွင့်ပြုထားရှိသည့် မီဒီယာကျင့်ဝတ်နှင့် သက်ဆိုင်ရာဥပဒေ၊ Update ညွှန်ကြားချက်များနှင့်အညီ ဂရုပြုလိုက်နာဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးသည်။
ဆက်လက်၍ မရမ်းကုန်းမြို့နယ် ရေကူးအသံလွှင့်ရုံဝင်းအတွင်းရှိ Forever ကုမ္ပဏီ၏ မီဒီယာလုပ်ငန်းခွင်သို့ ရောက်ရှိရာကုမ္ပဏီမှ တာဝန်ရှိသူများက မြေနေရာငှားရမ်း၍ စတူဒီယိုများ တည်ဆောက်ကာ MRTV-4 & Channel- 7 တို့ စီစဉ်ထုတ်လွှင့်မှု၊ အစီအစဉ်နှင့် ဇာတ်လမ်းတွဲများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှု၊ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် ရေးယာဉ်များအသုံးပြု၍ အားကစားပွဲများ သွားရောက် ရိုက်ကူးထုတ်လွှင့်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လိုက်လံပြသကြရာ ပြည်ထောင်စုဝန်ကြီးက ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယင်းရေကူးစက်ရုံဝင်းအတွင်းရှိ စတူဒီယိုအား ငှားရမ်းလုပ်ငန်း ဆောင်ရွက်နေသော Media N ကုမ္ပဏီ၏ M Channel ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး စတူဒီယိုအဆောက်အအုံကို ပြင်ဆင်မွမ်းမံ၍ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုနှင့် စတူဒီယိုနှစ်ခုတွင် ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်