Skip to main content

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကျင်းပ

နေပြည်တော် ဇွန် ၁၀

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးနှင့် တာဝန်ရှိသူများ က Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လူငယ်နှင့်စာပေကဏ္ဍကို အထူးအလေးနက်ထားပြီး လူငယ်များစာဖတ်ခြင်း အလေ့အကျင့်ဖြစ်စေ‌ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်မှာကြားထားပါကြောင်း၊ ကလေးများ စိတ်ဝင်တစားပျော်ရွှင်စွာဖြင့် စာဖတ်ချင်စိတ် ဖြစ်ပေါ်စေရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ Community Center များတွင် ရပ်ဖိရပ်ဖများနှင့်အတူ ကလေးများကို စာဖတ်ဝိုင်း သို့မဟုတ် စာပေနှင့်ပတ်သက်သည့် စကားဝိုင်းများ ဆောင်ရွက်သင့်ပါကြောင်း၊ မန္တလေးငလျင်အလွန်တွင် လူငယ်များ ပညာသင်ကြားနိုင်ရေး အတွက် အခြေခံပညာစာသင် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် Grade 12 ပြန်လည်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည့်အထောက်အပံ့များ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းတို့သည် နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍတွင် အလေးနက်ထားသည်ကို သိရှိနိုင်ပါ ကြောင်း၊ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးစားဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ကိုယ်စား) အမြဲတမ်းအတွင်းဝန်က ၂၀၂၄ ခုနှစ်အတွင်း စာကြည့်တိုက်များ ဆောက်လုပ်ခဲ့မှုအခြေအနေ၊ ကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များစာဖတ်ရှိန်မြှင့်တင်နိုင်ရေးတို့အတွက် ပွဲတော်များဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။

သတင်းစဉ်