Skip to main content

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဆေးရုံအဆောက်အအုံနှင့် ဓာတ်ခွဲခန်းများပြုပြင်ရန် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော် ဇွန် ၉

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဆေးရုံအဆောက်အအုံနှင့် ဓာတ်ခွဲခန်းများပြုပြင်ရန် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်

အခမ်းအနားတွင် အလှူရှင်အသင်းအဖွဲ့များက လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းတင်ပြကြပြီး မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်က ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးနှင့် သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီးတို့ရှိ ဆေးရုံအဆောက်အအုံများပြုပြင်ရန် ငွေကျပ် ၁၀၄၈ ဒသမ ၀၀၀ သန်း၊ မြန်မာ-တရုတ် အမျိုးသားကုသိုလ်ဖြစ်အသင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော နေပြည်တော် သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး မီးယပ်ဆောင်နှင့်ခွဲစိတ်ဆောင်ပြုပြင်ရန် ငွေကျပ် ၁၁၃ ဒသမ ၀၀၀ သန်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓာတ်ခွဲခန်းပြုပြင်ရန် ငွေကျပ် ၇၈ ဒသမ ၁၇၅ သန်း၊ Medi-Health Co., Ltd နှင့် Drug International Ltd တို့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အသုံးပြုရန် Modular Office နှစ်လုံးအတွက် ငွေကျပ်သိန်း ၉၅၀ နှင့် မြန်မာတရုတ်အမျိုးသမီးများအသင်းက ငွေကျပ်သိန်း ၁၅၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

အမြန်ဆုံးပြုပြင်သွားမည်

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဆေးရုံ၊ အဆောက်အအုံနှင့် ဓာတ်ခွဲခန်းများပြုပြင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံအဆင့်များအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောက်လုပ်ရေးအင်ဂျင်နီယာပညာရှင်များက စနစ်တကျခန့်မှန်းတွက်ချက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အမြန်ဆုံးပြုပြင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်