နေပြည်တော် ဇွန် ၉
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazh-promexport Co., Ltd. (TPE) မှ Chief Engineer Mr. Akeksandr Senin အား ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အောင်မြင်စွာစတင်လည်ပတ်နိုင်ရေးအတွက် စာချုပ်မူဘောင်ပါ သတ်မှတ်ချက်များ အမြန်ဆုံးပြီးမြောက်နိုင်ရန် TPE ကုမ္ပဏီမှ နည်းပညာကျွမ်းကျင်ပညာရှင်များ၊ သံနှင့်သံမဏိဆိုင်ရာ ပညာရှင်များနှင့် မြန်မာနိုင်ငံဘက်မှ နည်းပညာကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ အောက်ဆီဂျင်အလုပ်ရုံ ပြန်လည်ဆောင်ရွက်ခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်း၊ Romelt အလုပ်ရုံအား ပိုမိုထိရောက်စွာလည်ပတ်နိုင်မည့် နည်းလမ်း များကို အကြံပြုဆွေးနွေးခြင်း၊ ဘာသာရပ်အလိုက် နည်းပညာများ လွှဲပြောင်းပေးခြင်း၊ သင်တန်းများ ပို့ချပေးခြင်း၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၏ ပြယုဂ်တစ်ခုဖြစ်သည့် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်