ရာသီဥတုမျှတကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်မှုမှ တားဆီးကာကွယ်ရေး၊ ဒေသစိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် နိုင်ငံတစ်ဝန်း သစ်ပင်သစ်တောများ ဖုံးလွှမ်းနေဖို့လိုသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း ကြိုးပြင်ကာကွယ်တော ၄၁ ခု (ဧရိယာ ၅၆၀၇၉၇ ဒသမ ၅၇ ဧက)၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၄ ခု( ဧရိယာ ၅၉၀၀၁၅ ဒသမ ၁၃ ဧက) စုစုပေါင်း ဧရိယာဧက ၁ ဒသမ ၁၅ သန်းကျော် တည်ထောင်ဖွဲ့စည်းကာ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ရာ လက်ရှိကာလတွင် ထို့ထက်ပို၍ များပြားနေမည်ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး FAO ၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ သစ်တောပြုန်းတီးမှုနှုန်းအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် ၀ ဒသမ ၉ ရာခိုင်နှုန်း ပြုန်းတီးခဲ့ပြီး သစ်တောပြုန်းတီးမှုနှုန်းသည် ၂၀၁၀-၂၀၁၅ ကာလနှင့်နှိုင်းယှဉ်ပါက ကျဆင်းသွားသည်ဟု သိရသည်။ သို့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ ထိန်းချုပ်လှုပ်ရှားသည့် နယ်မြေများအတွင်း သစ်တောသယံဇာတ ပျက်စီးပြုန်းတီးမှုများ မြင့်တက်နေကြောင်း ပြည်ပသတင်းများအရ သိရသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့်ကဏ္ဍမှ ပါဝင်လျက်ရှိရာ သဘာဝသစ်တောများ ဆက်လက်တည်တံ့ရန် ထိန်းသိမ်းခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ မြို့ပြဒေသများ၊ ကျေးရွာများ၊ အဝေးပြေးလမ်းမကြီး များ၏ ဝဲယာ၊ ရထားလမ်းများ၏ ဝဲယာနှင့် စိုက်ပျိုးရေရနိုင်သမျှ နေရာများအားလုံးတွင် သစ်ပင်များ ရှင်သန်အောင် စိုက်ပျိုးခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန်လိုသည်။
မိမိတို့နိုင်ငံတွင် မိုးရာသီကျရောက်လာသည့်အခါတိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များကို အစိုးအရအဆက်ဆက်လက်ထက်တို့တွင် ကျင်းပခဲ့ကြရာ တစ်ပင်စိုက် တစ်ပင်ရှင်သန်ဖြစ်ထွန်းမည် ဆိုပါက နိုင်ငံတစ်ဝန်း အတိုင်းထက်အလွန် စိမ်းလန်းစိုပြည်နေမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာပင် ၂၀၂၁ ခုနှစ်မှ ယမန်နှစ်ကအထိ နိုင်ငံတစ်ဝန်း မိုးကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပေါင်း ၁၁၄၇ ပွဲ၊ ပျိုးပင်ပေါင်း ၇၇၅၁၉၂ ပင် စိုက်ပျိုးနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင်ခဲ့သည်။
သစ်ပင်များကို တစ်ပင်စိုက် တစ်ပင်ရှင်သန် အောင်မြင် ဖြစ်ထွန်းရန်အတွက် သန်စွမ်းသည့်ပျိုးသက် နှစ်နှစ်၊ အမြင့်နှစ်ပေအထက် ပျိုးပင်များကို စိုက်ပျိုးရန်၊ နေရာဒေသနှင့်ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာရွေးချယ်မှု၊ စနစ်တကျမြေပြုပြင်မှု၊ ရေနှင့်မြေအစိုဓာတ်ရရှိမှု၊ စိုက်မည့်ကျင်းအရွယ်အစား မှန်ကန်မှု၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိရေးတို့ကို အထူးအလေးထားဆောင်ရွက်ရန်၊ မြေဆီအာဟာရပြည့်ဝစေရန်အတွက် လိုအပ်သည့် သွင်းအားစုများကို ထည့်သွင်းဆောင်ရွက်ရန်တို့ကို အထူးဂရုပြုကြရမည်ဖြစ်သည်။ ထို့အပြင် ပွဲပြီးမီးသေမဟုတ်ဘဲ စိုက်ပျိုးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေး စဉ်ဆက် မပြတ်ပြုစုကြရန်နှင့် ရှင်သန်မှုမရှိသည့်အပင်များကို အစားထိုးဖြည့်တင်းစိုက်ပျိုးခြင်းတို့ မပျက်မကွက် ဆောင်ရွက်ကြရန်လိုသည်။ တစ်ပင်စိုက် တစ်ပင်ရှင်သန်ဖြစ်ထွန်းသည်နှင့်အမျှ မိမိတို့နိုင်ငံတစ်ဝန်း တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ စိမ်းလန်းစိုပြည်သာယာလာပါမည့်အကြောင်း။ ။