Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၈

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက် သကျဓီတာသီလရှင်စာသင်တိုက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တာရားကြီးများဖြင့် အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းပေးနေမှုတို့အားလည်းကောင်း၊ ပိုးတန်းရပ်ကွက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ (၃) ထပ်ဆောင်အား ရှင်းလင်နေမှုအခြေအနေများ၊ ရေသန့်စက်ထားရှိမည့် အဆောက်အဦအသစ် ဆောက်လုပ်နေမှုအခြေအနေများနှင့် စာသင်ကျောင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ မင်းလမ်းရပ်ကွက် ရတနာဗိမာန် ထူပါရုံရွှေကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တာရားကြီးများဖြင့် အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းပေးနေမှုတို့အားလည်းကောင်း၊ စီတီးရပ်ကွက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ ပုရဝုဏ်အတွင်း သာသနိကအဆောက်အအုံများ ဖယ်ရှားရှင်းလင်းပြီးစီးမှုအခြေအနေများနှင့် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်မည့်အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ဘူတာဝန်းအတွင်း၌ Modular Container House ဖြင့် (ယာယီ )ရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ မီးရထားသံလမ်းတစ်လျှောက် အမှိုက်ကင်းစင်ရေးနှင့် အမှိုက်ပုံးများ စနစ်တကျထားရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်ပြီးမြစ်သားမြို့နယ်၊ လမ်းခွကျေးရွာရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ချည်မျှင်နှင့် ချည်ထည်များ ထုတ်လုပ်နေမှုအခြေအနေများအားလည်းကောင်း၊ ကူမဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ကူမဲ) တွင် ယာယီကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်စေရေးတို့အား တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်ပြီး မြစ်သားမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အဦများနှင့် လူနေအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများနှင့် ကူမဲမြို့ရှိ ဂွေ့ကြီးဘုန်းကြီးကျောင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။