နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ်လုပ်ကိုင်လျက်ရှိသည်။
အဆိုပါအကြမ်းဖက်အဖွဲ့များနှင့် အပေါင်းပါအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားအဖွဲ့အစည်းများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ ခြိမ်းခြောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူများ၏နေအိမ်များနှင့် အများပြည်သူပိုင် အဆောက်အအုံများကို မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့်လုပ်ကိုင်လျက်ရှိသည်။
PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် မြို့ရွာလုံခြုံရေးအဖွဲ့များနှင့် အလှမ်းဝေးသောကျေးရွာများ၊ ပတ်ဝန်းကျင်နှင့် တောတောင်များအတွင်း အခြေချခိုအောင်းနေထိုင်ကြပြီး အခွင့်သာသည့်အချိန်တွင် မြို့ရွာများသို့ အလစ်အငိုက်ဝင်ရောက်ကာ ရဲတပ်ဖွဲ့စခန်းများ၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်လေ့ရှိသည့်အပြင် မြို့ရွာများ တွင်နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ သူလျှိုဒလန်ဟုစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခြင်းတို့ ပြုလုပ်ကြသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ ထို့ပြင် မြို့ပြများတွင်လည်း အကြမ်းဖက်အဖွဲ့များ၏ အပေါင်းပါများ စိမ့်ဝင်ခိုအောင်းနေထိုင်ပြီး အပြစ်မဲ့ပြည်သူများကို ချောင်းမြောင်းပစ်ခတ်လုပ်ကြံခြင်းများ ပြုလုပ်လျက်ရှိသည်။
၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် ရွှေနှင်းဆီလမ်းနှင့် ဝိဇ္ဇာလမ်းထောင့်နေ အငြိမ်းစားသံအမတ်ကြီးတစ်ဦး၏ နေအိမ်ရှေ့တွင် အငြိမ်းစားသံအမတ်ကြီးသည် မြေးဖြစ်သူနှင့်အတူ လမ်းလျှောက်နေစဉ် အကြမ်းဖက်သမားနှစ်ဦးက ပစ်ခတ်လုပ်ကြံသောကြောင့် အငြိမ်းစားသံအမတ်ကြီး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် တရားခံများကို အမြန်ဆုံးရှာဖွေစုံစမ်းဖော်ထုတ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီပေးမှုကြောင့် မေလ ၂၃ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ရာတွင်ပါဝင်သည့် အကြမ်းဖက်သမားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဖမ်းဆီးရမိသည့်တရားခံများ၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အကြမ်းဖက်သမားများကို မြို့နယ်အသီးသီးတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်တွင် တရားခံ ကျား ၁၃ ဦး၊ မ သုံးဦး စုစုပေါင်း ၁၆ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါအကြမ်းဖက်အဖွဲ့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အကြမ်းဖက်အဖွဲ့ NUG ၏ ထောက်ပံ့စီစဉ်ပေးမှုဖြင့်ဖွဲ့စည်းခဲ့သည်။ အဆိုပါအကြမ်းဖက်အဖွဲ့သည် အင်အားရှစ်ဦးဖြင့် ရန်ကုန်မြို့၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် ၎င်းတို့မကျေနပ်သည့် အပြစ်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်သမားများသည် အကြမ်းဖက်အဖွဲ့ NUG မှ တရားခံပြေး ရည်မွန်၏ ခိုင်းစေမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ အထိတ်တလန့်ဖြစ်မှု၊ ကြောက်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှ ယခုအချိန်အထိ ရန်ကုန်မြို့တွင် လုပ်ကြံသတ်ဖြတ်မှုလေးကြိမ်ကျူးလွန်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်ရာတွင် အကြမ်းဖက်အဖွဲ့ NUG က တစ်ကြိမ်လျှင် ငွေကျပ်နှစ်သိန်းကို NUG Pay မှတစ်ဆင့်ပေးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်မှုကျူးလွန်သူများကို အလျင်အမြန်အရေးယူဆောင်ရွက်နေသကဲ့သို့ အကြမ်းဖက်မှုကို အားပေးကူညီသူများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိသည်။ လူဦးရေထူထပ်သော ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွှယ်သူများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ အကြမ်းဖက်မှုကျူးလွန်သူများကို ပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းကူညီတိုက်ဖျက်ကြရန်လိုအပ်သလို ဆက်စပ်တရားခံများ၊ ကျန်ရှိနေသောတရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးခြင်းဖြင့် ကူညီနိုင်ပါသည်။ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား လျှို့ဝှက်၍ ဆုငွေများ ထိုက်တန်စွာချီးမြှင့်ပေးလျက်ရှိပြီး မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။