၁၉၅၀ပြည့်နှစ် ဇွန်လ ၈ ရက်တွင် စတင်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် လာမည့် ဇွန်လ ၈ ရက်တွင် ၇၅ နှစ် တင်းတင်းပြည့်ပြီဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက် နှစ်ပေါင်းထောင်ချီသော ဆက်ဆံရေးရှိခဲ့သည့် အိမ်နီးချင်းနှစ်နိုင်ငံတို့မှာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းများ ဖြစ်သကဲ့သို့ မျက်မှောက်ကာလ ပြောင်းလဲ လာသည့် ကမ္ဘာ့အစီအစဉ်တွင် အေးအတူ ပူအမျှ၊ ဆိုးတူ ကောင်းဖက်၊ ဆွေမျိုးပေါက်ဖော်နိုင်ငံများအဖြစ် ပိုမို၍နီးကပ်စွာ၊ ပိုမို၍ခိုင်မြဲစွာ ဆက်ဆံယှဉ်တွဲ နေထိုင်သွားကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် နှစ်နိုင်ငံအကြား မိတ်ဝတ်မပျက် ဆက်ဆံရေးမှာ ဆက်လက်ရှင်သန်ဖြစ်ထွန်းနေပြီး နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံမှုများမှတစ်ဆင့် နှစ်ဖက်အကျိုးစီးပွားများ မြှင့်တင်ဖော်ဆောင်ရေး၊ အနာဂတ်တွင် အိမ်နီးချင်းကောင်းများအဖြစ် ထာဝရရပ်တည်သွားနိုင်ရေးတို့အတွက် ထပ်လောင်းအားဖြည့်ပေးနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS)၊ (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး (ACMECS) နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (CLMV) တို့ကို တက်ရောက်ခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနှင့် တွေ့ဆုံ၍ မူဆယ်-မန္တလေး-ကျောက်ဖြူရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ပြီး တရုတ်ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက အပြည့်အဝထောက်ခံအားပေးကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒပြုကူညီနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကြောင်းတို့ ဆွေးနွေးခဲ့ပြီး သံတမန်ဆက်ဆံမှု (၇၅) နှစ်ပြည့် ကာလမှစ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံမှု၏ အနီးဆုံးသော သမိုင်းမှတ်တိုင်မှာ ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်တို့ မော်စကိုမြို့ Soluex Hotel Moscow ရှိ Beijing ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲပင်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက မန္တလေးငလျင်ကြီးနှင့် စပ်လျဉ်း၍ ဝမ်းနည်းကြောင်းနှင့် မြန်မာအစိုးရနှင့် ပြည်သူတို့ အကောင်းဆုံးပြန်လည်ထူထောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း တရုတ်အစိုးရ၏ ကူညီမှုများအပေါ် အစဉ်အမြဲကျေးဇူးတင် အမှတ်ရနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့ကို ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။
လာမည့်ဇွန်လ ၈ ရက်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်မြောက်သည့် စိန်ရတုကာလဖြစ်သည်။ မိမိတို့ နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် စိန်ပွင့်များကဲ့သို့ ခိုင်ကျည်မာကြောကာ အနာဂတ်ကာလများသို့တိုင် ထာဝရတောက်ပနေမည်ဟု ယုံကြည်ပါကြောင်း။ ။