နေပြည်တော် ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ပထမအင်းဝခေတ် မိုးညှင်းမင်းတရားကြီးက သက္ကရာဇ်(၇၈၉)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သော မဟိယင်္ဂဏ စေတီတော်ကြီးသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သဖြင့် မဟိယင်္ဂဏ စေတီတော်ကြီး အသစ်တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာနှင့် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး ပန္နက်တင်ခြင်းမင်္ဂလာပြုလုပ်ကြသည်။
၎င်းနောက် အုတ်မြစ်ချခြင်းမင်္ဂလာအခမ်းအနားကို သံဃာတော်များ၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ကြပြီး အမွှေးနံသာရေများ ပက်ဖျန်း၍ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။