Skip to main content

၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၅

၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လာကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း။

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally)”ဟု သတ်မှတ်ထားကြောင်း၊ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်၌ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာနေသည့် ပလတ်စတစ်ညစ်ညမ်းမှုများကို အဆုံးသတ်တိုက်ဖျက်သွားမည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခု ပေါ်ထွက်လာရေးနှင့် အနာဂတ်ကာလတွင် တိုးတက်ကောင်းမွန်သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင်တစ်ရပ် ဖြစ်လာစေရေးတို့အတွက် စုပေါင်းအားဖြင့် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်သွားကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းပင်ဖြစ်ကြောင်း။

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်များပြားလာခြင်းနှင့်အတူ နည်းပညာနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာသည့်အတွက် ရာသီဥတုများသည် အဆိုးဘက်ကို ပြောင်းလဲလာနေကြောင်း၊ ထို့အပြင် သဘာဝသယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲလာခြင်းကြောင့် ဂေဟစနစ်များ ယိုယွင်းလာပြီး ဇီဝမျိုးစုံမျိုးကွဲများ တဖြည်းဖြည်းမျိုးသုဉ်းပျောက်ကွယ်လာနေကြောင်း၊ မြို့ပြနှင့်စက်ရုံအလုပ်ရုံများက စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံမှုမရှိသည့်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ပြဿနာများကို မြန်မာနိုင်ငံအပါအဝင် ယနေ့ကမ္ဘာတစ်ဝန်းလုံး၌ ရင်ဆိုင်ကြုံတွေ့နေရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများထဲတွင် ပလတ်စတစ်စွန့်ပစ်အမှိုက်များသည် နေ့စဉ်နှင့်အမျှ များပြားလာပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်း၏ အဓိကစိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်လာနေကြောင်း၊ သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်ရေး၊ လူသားအားလုံး၏ ကျန်းမာရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာခြိမ်းခြောက်လာနေကြောင်း။

ယနေ့ခေတ်တွင် အသုံးပြုရလွယ်ကူခြင်း၊ တန်ဖိုးနည်းခြင်း၊ ပုံသဏ္ဌာန်အမျိုးမျိုးဖန်တီးနိုင်ခြင်း၊ ထုပ်ပိုးရလွယ်ကူခြင်းစသည့် လျင်မြန်လွယ်ကူ အသုံးတည့်မှုများကြောင့် ပလတ်စတစ်များကို မိမိတို့လူ့ပတ်ဝန်းကျင်နေရာအနှံ့အပြားတွင် အဓိကပစ္စည်းအဖြစ် အသုံးပြုလာကြကြောင်း၊ ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုကို ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ်စာရင်းများအရ တန်ချိန်သန်းပေါင်း (၄၀၀)ကျော် အထိရောက်ရှိခဲ့ပြီးလွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်ဆမြင့်တက်လာခဲ့သည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့ ထုတ်လုပ်မှုများ ဆက်လက်တိုးတက်လာနေမည်ဆိုပါက လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုသည် တန်ချိန်သန်းပေါင်း (၁,၁၀၀)အထိ ရောက်ရှိလာနိုင်သည်ကို လေ့လာသိရှိရကြောင်း၊ ထိုသို့ထုတ်လုပ်မှုတိုးတက်လာခြင်းနှင့်အတူ သုံးစွဲရာတွင် ထိန်းချုပ်မှုအားနည်းခြင်းနှင့် စည်းကမ်းမဲ့ မဆင်မခြင်စွန့်ပစ်ခြင်းများကြောင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများစွာကို ယနေ့အချိန်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိုးရိမ်ဖွယ်ရာအန္တရာယ်တစ်ခုအဖြစ် ရင်ဆိုင်ကြုံတွေ့လာနေကြရပြီဖြစ်ကြောင်း။

ကုန်းမြေမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာများထဲကို ရောက်ရှိလာသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် အချိန်ကာလကြာလာသည်နှင့်အမျှ အလွန်သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှား (Micro-plastics)များအဖြစ် ပြောင်းလဲဖြစ်ပေါ်ပြီး အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း ဖြစ်စေကြောင်း၊ ယနေ့အချိန်တွင် အဆိုပါ Microplastics များသည် ပင်လယ်သမုဒ္ဒရာများ၊ မြစ်ချောင်းများ၊ လေထုအတွင်းနှင့် နေ့စဉ်အစားအစာများထဲအထိ ပျံ့နှံ့ရောက်ရှိနေပြီး နောက်ဆုံးတွင်လူ့ခန္ဓာ အစိတ်အပိုင်းများထဲအထိ ထိုးဖောက်ရောက်ရှိလာကြကြောင်း၊ အဆိုပါအချက်ကို ကြည့်ခြင်းအားဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ကြီးမားလှသည့် အန္တရာယ်ကို သိရှိနိုင်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံထိန်းချုပ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂ဝ၃ဝ)ကို ရေးဆွဲထုတ်ပြန်ထားပြီး မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးကို အဓိကဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ကဏ္ဍစုံပေါင်းစပ်အကောင်အထည်ဖော်နိုင်ရန်အတွက် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုများကို လျှော့ချနိုင်ဖို့၊ ပြည်တွင်းရှိပလတ်စတစ်ကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် (Recycle) လုပ်ငန်းများ ပိုမိုတွင်ကျယ်အားကောင်းလာစေရန်၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသရှိ စက်မှုနှင့်မြို့ပြ လုပ်ငန်းဆိုင်ရာစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်လုပ်ငန်းစဉ်အဆင့်ဆင့် လိုက်နာဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP) များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေတဲ့စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာဘာဆယ်ကွန်ဗင်းရှင်း” ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို နိုင်ငံအတွင်း တရားမဝင်တင်သွင်းခြင်းမရှိစေရန်အတွက် ကွန်ဗင်းရှင်းပါ ကတိကဝတ်များနှင့်အညီ စနစ်တကျထိန်းချုပ်စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

၂၀၁၉ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့သည့် အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းနှင့် အာဆီယံမူဘောင် ကိုလည်း မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည် ဟုလည်းကောင်း၊ ပုဒ်မ ၃၉၀၊ အပိုဒ်(ခ)တွင် နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများတွင် နိုင်ငံတော်အားကူညီရန်တာဝန်ရှိသည် ဟုလည်းကောင်း ပြဋ္ဌာန်းထားသည့်အတွက် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တာဝန်သိတတ်သည့်စိတ်ဖြင့် လိုက်နာပူးပေါင်း ဆောင်ရွက်သွားကြရန် အလေးအနက်ထား တိုက်တွန်းပြောကြားလိုကြောင်း။

မြန်မာနိုင်ငံအပါအဝင်ကမ္ဘာကြီးတွင် ပလတ်စတစ်ညစ်ညမ်းမှုများမှ ကင်းဝေးပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် “ကမ္ဘာတစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး (Ending Plastic Pollution Globally)" ဆိုသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးလုပ်ငန်းများတွင် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ နိုင်ငံအတွင်းတွင်ရှိသည့် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းအားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားကြပြီး ပိုမိုသန့်ရှင်းကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP)၏အမှုဆောင်ညွှန်ကြားရေးမှူး၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သဝဏ်လွှာဗီဒီယိုကို ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ ဆုရရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှ တာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာမှ တာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ Great Success Energy Co.Ltd (၃၀ မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း)မှ တာဝန်ရှိသူထံလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း(အထက်တန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ကျောင်းများကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက စိမ်းလန်းစိုပြေသောကျောင်း(မူလတန်းအဆင့်)ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းများကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဗီဒီယိုနှင့် ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှပေးပို့သည့် “မမြင်နိုင်သော လူသတ်သမား” PM 2.5 အကြောင်း အသိပညာပေးဗီဒီယိုတို့ကို ပြသသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။