နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်၍ နိုင်ငံတော်တွင် လက်ကျန် ငွေကျပ် ၂၂၆ ဘီလီယံခန့်ရှိပြီး ယင်းငွေများကို စက်ရုံ၊ အလုပ်ရုံများတွင် အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် ထုတ်ပေးသွားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၃၀ ရက်နေ့က ပြုလုပ်သော ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်း၊ သွင်းအားစုများဖြစ်သည့် လောင်စာနှင့် လျှပ်စစ်ဓာတ်အား၊ ရင်းနှီးမြှုပ်နှံမှုငွေကြေးနှင့် လုပ်အားများ လိုအပ်သည်။ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဒေသတွင်းထုတ်လုပ်နိုင်သည့် ကုန်ကြမ်းများဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန်တွင် နိုင်ငံတော်အကြီးအကဲက အမြဲတိုက်တွန်းပြောကြားလေ့ရှိသည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုငွေကြေးများလိုအပ်ပြီး ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်း၍ ချေးငွေဆောင်ရွက်ပေးမှုများရှိသည်။ နိုင်ငံ့စီးပွားရေး ဦးမော့လာအောင် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် မန္တလေးငလျင်ကြီးကြောင့် MSME လုပ်ငန်းများမှအစ စက်ရုံ၊ အလုပ်ရုံများ၏ စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့သည်။
ဖော်ပြပါဆွေးနွေးပွဲဖွင့်ပွဲတွင် နိုင်ငံတော်အကြီးအကဲက “မြန်မာ့စီးပွားရေး၏ ကျောရိုးပမာဖြစ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ပြန်လည်ရှင်သန်လာအောင်လည်း အာရုံစိုက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဟုလည်း မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ထူထောင်ရေးဖိုရမ်ကဲ့သို့ ပွဲမျိုးကျင်းပခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သောဖိုရမ်တွင် ပြန်လည်ထူထောင်ရေးဇုန် (Recovery zones) များကို သတ်မှတ်ခွင့်ပြုခြင်း၊ လုပ်သာကိုင်သာရှိသည့် သက်သာခွင့်မက်လုံးများပေးခြင်းနှင့် ESG-focused regulations ဟုခေါ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်းကျင်ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်မှုကောင်းမွန်ရေး အခြေခံလုပ်ထုံးလုပ်နည်းများကိုပါ ဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဟု ယူဆကြောင်း”ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများအတွက် ချေးငွေများ ဆောင်ရွက်ပေးနိုင်ရေး ငွေကျပ်ဘီလီယံ ၇၀၀ ကို လျာထားပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ထို့အပြင် လက်ကျန်ငွေကျပ် ၂၂၆ ဘီလီယံကိုလည်း အကျိုးရှိရှိအသုံးချနိုင်ရေး ထုတ်ပေးသွားမည်ဖြစ်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်တွင်းအားဖြင့် မလုံလောက်သဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖန်တီးဖော်ထုတ်ကြရမည်ဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များကိုလည်း မြန်မာနိုင်ငံကို ထောက်ခံအားပေးရုံမျှမကဘဲ “အမြင်သစ်မြန်မာနိုင်ငံ” (A new vision of Myanmar) အတွက် မြန်မာနိုင်ငံနှင့်အတူ ရင်းနှီးမြှုပ်နှံပေးကြရန် ဖိတ်ခေါ်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထဝီဝင်တည်ရှိနေမှုအနေအထားအရ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ကြီးမားသည့်ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ယခုအခါ ပြန်လည်ထူထောင်ခြင်းအစီအစဉ်နှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သည့်အခါတွင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံဆောင်ရွက်ကြရန်လိုသည်။ ပြန်လည်တည်ဆောက်ခြင်းသည် ပြန်လည်နာလန်ထူအောင် လုပ်ဆောင်ခြင်းသာမကဘဲ အနာဂတ်တွင် လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဖန်တီးတည်ဆောက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ထူထောင်၍ လုပ်ငန်းများ ပြန်လည်လည်ပတ်လာပါက အလုပ်အကိုင်အခွင့်အလမ်းများပေါများပြီး ဝယ်လိုအားနှင့် ရောင်းလိုအားများ မျှတကောင်းမွန်လာကာ ငွေကြေးစီးဆင်းမှု လည်ပတ်အားကောင်းလာမည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်းနှင့် ပြည်ပသို့ ရောင်းချသည့် ကုန်ပစ္စည်းများတွင် ပြည်ပသို့ ရောင်းချနိုင်မည့်ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်နိုင် မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ပိုမိုတိုးတက်ရရှိလာပြီး တိုင်းပြည်စီးပွားရေး ဦးမော့လာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ငလျင်ဘေးအလွန်ကာလတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်အကောင်အထည်ဖော်ပြီး အနာဂတ်မြန်မာနိုင်ငံကို ပိုမိုစည်းလုံးညီညွတ်သည့်၊ ပိုမိုခြုံငုံပါဝင်ကြသည့်၊ အနာဂတ်ကို အသင့်ဖြစ်နေမှု ပိုမိုခိုင်မာနေသည့်နိုင်ငံတစ်နိုင်ငံအဖြစ် အားလုံးဝိုင်းဝန်း ပုံဖော်တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။