Skip to main content

၂ဝ၂၅-၂ဝ၂၆ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

နေပြည်တော် ဇွန် ၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။

နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၂၂၉၅၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ စာသင်ကျောင်းများတွင် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများနေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။

နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်၍ ဆရာ/ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများမှ ကျောင်းသင်ခန်းစာများ သင်ကြား/သင်ယူနေမှုတို့အား နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုလို အခြေခံပညာကျောင်းများ ဖွင့်လှစ်ကာ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည်-

၁။ ဒီနှစ်ကျွန်တော်တို့ကျောင်းမှာတော့ ကျောင်းသားဦးရေက ၂၁၁၉ ဦးအထိ လက်ခံပြီးဖြစ်ပါတယ်။ မနှစ်ကတော့ ကျွန်တော်တို့ ကျောင်းသားဦးရေက ၂၆၅၉ ဦးရှိတယ်။ ဒီနှစ်ကတော့ ငလျင်ရဲ့ဒဏ်ကြောင့် တချို့တွေ ကျောင်းပြောင်းသွားတာတွေရှိတယ်။ နယ်ပြောင်းသွားတာလေးတွေရှိတယ်။ ကျောင်းနေတဲ့ကလေးတွေလည်း ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျောင်းကိုလာတက်စေချင်တယ်။ တတ်နိုင်သလောက် နိုင်ငံတော်နဲ့ ပညာရေးဌာနကနေ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ထောက်ပံ့မှုပစ္စည်းတွေလည်းပေးထားတယ်။ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတွေကအစ ကျွန်တော်တို့ကလေးတွေကို အားလုံးထောက်ပံ့ပေးထားတယ်။ အခုဒီနှစ် ကျောင်းဖွင့်ရာသီမှာ ဇွန်လ ၂ ရက်နေ့မှစပြီးတော့ နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာနကနေပြီးတော့ ညွှန်ကြားထားတဲ့အတိုင်း ကျွန်တော်တို့ဖွင့်မယ်။ ကျောင်းသား ကျောင်းသူတွေကို အယုတ်အလတ်အမြတ်မရွေး အားလုံးလက်ခံမယ်။ ဒါမှမဟုတ် ကျောင်းအပ်နှံရေးနေ့က မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်လို့ပြောပေမယ့် အခုလာအပ်လည်းရပါတယ်။ ဒီဇွန်လမကုန်မချင်း အချိန်မရွေးလာအပ်လို့ရတယ်။ အဲဒါကြောင့် ကျောင်းတက်ဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကိုယ်နဲ့နီးစပ်ရာကျောင်းတွေကိုလည်း ဝင်ရောက်အပ်ကြဖို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။

၂။ ကျောင်းသား

ကျွန်တော်ကတော့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-12(A) မှ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဇွန်လဆိုတာ ကျောင်းဖွင့်ချိန်ဖြစ်တဲ့အလျောက် ကျောင်းစတက်ရမယ်။ ကျောင်းပညာတွေကို သင်ကြားကြရမယ့် Grade-12 ဟာဆိုလို့ရှိရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပတဲ့အတန်းလည်းဖြစ်တဲ့အလျောက် ၂၀၂၆ ခုနှစ် မတ်လမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြရမှာဖြစ်တယ်။ ကျွန်တော့်အနေနဲ့ အတိုင်းမသိလည်း စိတ်လှုပ်ရှားရပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ ကျွန်တော် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုပြီးသွားရင် နိုင်ငံတကာဆက်ဆံရေးကို စိတ်ဝင်စားတယ်။ သံတမန်ရေးရာပညာနဲ့ နိုင်ငံတော်ကိုအကျိုးပြုဖို့ ရည်မှန်းချက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကောင်းကျိုးအတွက် ဆက်လက်ကြိုးစားသွားမယ်လို့ ရည်မှန်းချက်ထားပါတယ်။

သတင်းစဉ်