နေပြည်တော် မေ ၂၈
မန္တလေးငလျင်ဘေးသင့်ဒေသများအတွက် AHA Centre မှ တစ်ဆင့် အလှူရှင်နိုင်ငံများက လှူဒါန်းထားသော အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီစာသင်ကျောင်းဆောင်များ (Prefabrica-ted Schools) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လပထမပတ်အတွင်းကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် ၂၀ ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငါးဆောင်စီတည်ဆောက်ပေးသွားမည်ဖြစ်သည်။
ယာယီစာသင်ကျောင်းဆောင်လွှဲပြောင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming က ယာယီစာသင်ကျောင်းဆောင်များကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်