နေပြည်တော် မေ ၂၈
စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာတို့သည် ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့်တက်ရောက်၍ အခမ်းအနားသို့ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စက်မှုဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ စက်မှုဝန်ကြီးဌာနအောက်တွင် စက်မှုသင်တန်း ကျောင်းရှစ်ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားပြီး သင်တန်းသုံးမျိုးဖြစ်သော စက်မှုကျွမ်းကျင် (၁)နှစ်/(၂)နှစ်သင်တန်း၊ ကျွမ်းကျင်မှုအခြေပြုကာလတို သုံးလသင်တန်း၊ စက်မှုနှင့်သက်မွေးပညာရွေ့လျား နှစ်ပတ်သင်တန်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။
အမှတ်(၃) စက်မှုသင်တန်းကျောင်း(သာဂရ)မှ မွေးထုတ်ပေးလိုက်သည့်သင်တန်းဆင်း သင်တန်းသား သင်တန်းသူများမှ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခံရသူများကို မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံများနှင့် အခြားဝန်ကြီးဌာနများ၊ စက်မှုဇုန်များ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ဆက်သွယ်ပြီး အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယခု အမှတ်စဉ် (၁၅)တွင် သင်တန်းသား ၃၇ ဦး ကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၅၀ ရာခိုင်နှုန်းဖြင့် မေ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်ထိ တစ်နှစ်ကြာဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကို စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကော်မတီအဖွဲ့ဝင်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် မတ်၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည် ငလျင်ကြီးကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများရှိ ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းများအား ပြန်လည်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ရေယာဉ်၊ လေယာဉ်၊ မီးရထားစက်ခေါင်း၊ မီးရထားတွဲ၊ စက်ကြီး/ယန္တရားများနှင့် စက်ပစ္စည်းများကို ဌာနပိုင်စာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားသော (သို့မဟုတ်) ပြုပြင်သုံးစွဲရန် မသင့်အဆင့်ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း၊ ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများကို တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချပြီး (သို့မဟုတ်)ဖျက်ဆီးပြီး ဌာနပိုင်စာရင်းမှပယ်ဖျက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များနှင့် ဌာနဆိုင်ရာမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ရုံးသုံးစက်ပစ္စည်းများ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း။
အဆိုပါညွှန်ကြားချက်များတွင် ပါဝင်ခြင်းမရှိသည့် အခြားစက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းအတွက် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် ယခုအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ ဌာနအသီးသီးက မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းသဘာဝအလိုက် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် (SOP)များ ရေးဆွဲနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ငလျင်ဇုန်များတွင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်၍ စက်ပစ္စည်းကိရိယာများ တပ်ဆင်မည်ဆိုပါက ငလျင်ဒဏ်ခံဒီဇိုင်း၊ ငလျင်ကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုအားများကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များက အင်အားပြင်းထန်သည့် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာစက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ဝိုင်းဝန်းအကြံပြုညှိနှိုင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်