“နိုင်ငံတစ်ခု တိုးတက်ရန်အတွက် စီးပွားရေးအရ အားကောင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းအောင် ဆောင်ရွက်ရန်အတွက် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ပတ်သက်၍ အားကောင်းအောင် ဆောင်ရွက်ရမည့် အချက်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၌ လိုအပ်ချက်များ၊ အားနည်းချက်များကိုလည်း ပွင့်လင်းမြင်သာစွာ ထောက်ပြခဲ့သည်။ ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်၏ ကုန်သွယ်ရေးလိုငွေမှာ ၁၂ ဘီလီယံခန့်နှင့် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် ၁၂ ဘီလီယံခန့် စုစုပေါင်း ၂၅ ဘီလီယံခန့်လိုငွေပြခဲ့သည်။ အဆိုပါလိုငွေများအား ပြည်ပအကူအညီများ၊ ချေးငွေများ၊ ကုန်သွယ်မှုမှအပ ဝင်ငွေများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး သီးထပ်စွမ်းအားများ တိုးတက်ထွန်းကားအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့သော် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီသေးသည်ကို တွေ့ရသည်။ ဆီထွက်သီးနှံအထွက်တိုးရေးအတွက် တွန်းအားပေးဆောင်ရွက်နေသော်လည်း အထွက်နှုန်းအားနည်းနေဆဲဖြစ်၍ ပြည်ပမှ စားသုံးဆီများ နှစ်စဉ်တင်သွင်းနေရသည်။ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်မပြည့်မီသောကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံကျော်ခန့်လျော့နည်းခဲ့သည်ကို တွက်ချက်မှုများအရ သိရှိရသည်။ သီးထပ်စွမ်းအားများ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ဝင်ငွေတိုးတက်ရရှိလာမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များ အသုံးပြုမှုနှင့် လူမှုစီးပွားဘဝလိုအပ်ချက်များအရ စက်သုံးဆီလိုအပ်ချက်များ မြင့်မားနေဆဲဖြစ်သည်။ အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်တန်ဖိုးရှိသည့် စက်သုံးဆီများကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရသည်။ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV) ကားတင်သွင်းမှုကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသဖြင့် ကန့်သတ်ချက်များရှိနေသည်။ ကုန်သွယ်မှုပိုငွေပြနေသော်လည်း အခြားသုံးစွဲမှုများတွင် အနုတ်လက္ခဏာများပြားမှုရှိနေသောကြောင့် နိုင်ငံခြားငွေလိုအပ်ချက်နှင့် နိုင်ငံခြားငွေဈေးမြင့်တက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ဥပမာအားဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေမှုများနှင့် အခြားအကြောင်းများကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များပြားလျက်ရှိသည်။ ပြည်ပမှ တင်သွင်းရသော စက်သုံးဆီ၊ စားသုံးဆီနှင့် (EV) ကားတင်သွင်းမှု စသည်တို့တွင် ကန့်သတ်ချက်များ ရှိနေသည်။ ထို့ပြင် တရားမဝင်ကုန်သွယ်မှု အမျိုးမျိုးတို့အပြင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ အသုံးပြုစီးနင်းနေမှုများကြောင့် စက်သုံးဆီသုံးစွဲမှု ပိုမိုများပြားလာခြင်း၊ နိုင်ငံတော်တွင် အခွန်အခများစွာ နစ်နာဆုံးရှုံးမှုများရှိသည့်အပြင် လုံခြုံရေးပိုင်းဆိုင်ရာတွင်ပါ စိန်ခေါ်မှုများစွာရှိလာနိုင်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်စီးနင်းမှုများကို ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပြီး တရားမဝင်ယာဉ်နှင့် ပတ်သက်၍ လုပ်ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေသူများကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒကိုသာ ချမှတ်ပေးခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်သည်။ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် တိုက်တွန်းပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး အကောင်အထည်ဖော်ရန်မှာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသအလိုက်၊ နယ်ပယ်အလိုက် တာဝန်ရှိသူများ၏ တာဝန်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရက ချေးငွေများထုတ်ချေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လုပ်ငန်းများ ထိုက်သင့်သလောက် အောင်မြင်မှုမရှိသေးပေ။ ပန်းတိုင်ရည်မှန်းချက် မပြည့်မီသေးသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဝင်ငွေနည်းရခြင်းဖြစ်သည်။ ကုန်ထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဆိုပါက ငွေကြေးဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများ တိုးမြင့်လာမည်မဟုတ်သဖြင့် အားလုံးအမှန်တကယ်အလုပ်လုပ်ကြရန်နှင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရန်လိုအပ်မည်ဖြစ်သည်။ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းနှင့်ပတ်သက်သည့် အခြေအနေအရပ်ရပ်တို့ကို အဖြေရှာရန်လိုအပ်ပြီး ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းတို့ကို ဖြေရှင်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။