Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား တက်ရောက်ဖွင့်လှစ် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား မေ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပသည့် ကချင်ပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ၊ ဘင်ခရာ/ ပန်းဖွားအဖွဲ့များက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အမျိုးသမီး‌ရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်ပညာရေးမှူးတို့က ကချင်ပြည်နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ ၂၀၀ တို့က ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အဆိုပါကျောင်း အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်း၊ ဆီမီးခွက်အက တို့ဖြင့် သီဆို/ကပြ ဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ကျောင်းသား ကျောင်းသူများအား အတန်းစဉ်အလိုက် အခမဲ့ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း ကျောင်းသား ကျောင်းသူများက ကျောင်းတက်မယ် တေးသီချင်းသရုပ်ဖော်ဖြင့်လည်းကောင်း၊ ဇာတိမာန်သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ခန်းမအတွင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများနှင့် ပညာရေးစွမ်းရည်ပြခန်းငယ်များ၊ ဓာတ်ပုံပြခန်းများကို ကြည့်ရှု စစ်ဆေးကြသည်။

မေ ၂၅ ရက် ညနေပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း ကျင်းပသည့် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဈေးရောင်းပွဲတော်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဒေသထွက်စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် ပစ္စည်းပြခန်း၊ ဒေသထွက်စားသောက်ကုန်များ၊ သမဝါယမနှင့် စားသုံးသူရေးရာ၊ သစ်သားပန်းပုနှင့် လက်မှုထုတ်ကုန်များ၊ လူသုံးကုန်နှင့် အဝတ်အထည်များ၊ ပယင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းလက်ဝတ်ရတနာပြခန်းများ ပြသရောင်းချနိုင်မှုအခြေအနေများကို မေးမြန်းဆွေးနွေးကြကာ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ဝယ်ယူပေးအပ်ကြသည်။

ယင်းနောက် အဆိုပါကွင်းအတွင်း ဧည့်ကြိုခန်းမဆောင်၌ မုတ်သုံဦး MSME ထုတ်ကုန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ MSME ထုတ်ကုန်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဇင်မာလတ်က ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၁၁ ဦးအား ဆုချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲတွင် OROP ထုတ်ကုန်ဆု၊ အငယ်စားနှင့် အသေးစားထုတ်ကုန်အထူးဆုရရှိခဲ့သော ကဆန်ထီ၊ အိလေးနှင့် ပူတာအို ဒေသထွက်ကုန်လုပ်ငန်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက မုတ်သုံဦး MSME ထုတ်ကုန်ပြိုင်ပွဲတွင် စားသောက်ကုန်ကဏ္ဍနှင့် လူသုံးကုန်၊ပယင်းနှင့် ကျောက်မျက်အချောထည်ကဏ္ဍတို့တွင် သက်ဆိုင်ရာအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရရှိသော MSME လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)