Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်း သား၊ သမီးများအား ပထမအကြိမ် စာရေးကိရိယာများနှင့် ပညာသင်အထောက်အကူပစ္စည်းများပေးအပ်သည့် အခမ်းအနားတက်ရောက်

နေပြည်တော် မေ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်း သား၊ သမီးများအားပထမအကြိမ် စာရေးကိရိယာများနှင့် ပညာသင်အထောက် အကူပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် KG မှ Grade–12 အထိ အခြေခံပညာကျောင်းများတွင် အဆင်ပြေချောမွေ့စွာ တက်ရောက်ပညာသင်ကြားနိုင်ရန် စာရေးကိရိယာများနှင့် ပညာသင်အထောက်အကူပစ္စည်းများ ပေးအပ်ခြင်းဖြစ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းသား၊ သမီးများကျောင်းသွား / ကျောင်းပြန် လွယ်ကူအဆင်ပြေစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကျောင်းကြို/ ပို့ကားများကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုကာလသည် ငလျင်ဘေးကြောင့် အိမ်နေရာအပြောင်း အရွှေ့နှင့်ကျောင်းနေရာ အပြောင်းအရွှေ့များရှိသော်လည်း ကျောင်းဖွင့်ရာသီအမီ ပညာသင်ကြားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်မည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများနှင့် ပညာသင်အထောက်အကူပစ္စည်းများပေးအပ် ပြီး ကျောင်းသား ကျောင်းသူများကိုယ်စား လူရည်ချွန်သုံးထပ်ကွမ်းရရှိသူ Grade–12 မှ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားမည့် မူလတန်း ၃၅၂ ဦး၊ အလယ်တန်း ၁၉၇ ဦး၊ အထက်တန်း ၁၄၉ ဦးနှင့် ကိုယ်ပိုင်ကျောင်း ၃၉၈ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၀၉၆ ဦးရှိကြောင်းသိရသည်။               

သတင်းစဉ်