ရန်ကုန် မေ ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ပိဋကသုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခြင်း အခမ်းအနားကို တက်ရောက်ကြည်ညိုသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ် (သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ဇောတိက၊ ဒုတိယပါမောက္ခချုပ်(စီမံ)ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာဝံသ၊ မော်ကွန်းထိန်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန အမှူးပြုသည့် သင်ကြားစီမံဆရာတော်များ၊ ပါမောက္ခ၊ ဌာနမှူးဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြင်ပပညာရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်(သင်ကြား) ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိကက သြဝါဒကထာ မိန့်ကြားပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တသုမနက ပိဋကသုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေဋကော ပဒေသပါဠိတော် အင်္ဂလိပ်ဘာသာပြန်ဆိုနေမှု အခြေအနေများကို ရှင်းလင်းမိန့်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ် (သင်ကြား)ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားကာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပိဋကတ်တော်ကျမ်းများကို သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲ(ရန်ကုန်)မှ ပြန်လည်စိစစ်တည်းဖြတ်လျက်ရှိကြသော ပိဋကတ်ဘာသာပြန် စာတည်းကော်မတီအဖွဲ့၊ OCR လုပ်ငန်းများဆောင်ရွက်လျက်ရှိကြသော ရဟန်းတော်များနှင့်တွေ့ဆုံပြီး ပိဋကတ်ဘာသာပြန် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လျှောက်ထားသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က ပိဋကတ်ဘာသာပြန်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြလျှောက်ထားသည်။
ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ရဟန်းတော်များက မူရင်းကျမ်းစာအုပ်များထဲမှ မူရင်းမှားယွင်းမှုများကို ပြန်လည်ပြင်ဆင်ပြီး ပညာရှင်များနှင့်တိုင်ပင်၍ ဆဋ္ဌမူပုံစံအတိုင်း ပြန်လည်ပြင်ဆင် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးကြရာ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများက ပိဋကတ်ဘာသာပြန်လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်း လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရဟန်းတော်များအား လှူဖွယ်ပစ္စည်း၊ အလှူငွေများ ဆက်ကပ်လှူဒါန်းကာ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများအား အလှူငွေများပေးအပ်လှူဒါန်းပြီး ခန်းမအတွင်း၌ နမူနာခင်းကျင်း ပြထားသည့် ပိဋကတ်သုံးပုံဘာသာပြန်ကျမ်းစာအုပ်များကို ကြည့်ရှုသည်။
သတင်းစဉ်