ယခုအချိန်ကာလသည် ရာသီအကူးအပြောင်းကာလဖြစ်၍ ပြည်သူများအနေဖြင့် မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သောရောဂါများ၊ ကူးစက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်ထားကြရမည်ဖြစ်သည်။ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့်ဖြစ်ပွားနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
ပြည်သူများကြားတွင် ယနေ့ကာလ၌ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေသည်ကို တွေ့ရသည်။ ကျန်းမာရေးဝန်ကြီးဌာနက မိုးရာသီကာလ၌ ဖြစ်ပွားတတ်သော ရောဂါများကိုသာမက ကူးစက်တတ်သောရောဂါများ နှင့်ပတ်သက်၍ သတိပြုလိုက်နာရမည့်အချက်များကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသတိပြုရမည့်အချက်မှာ ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါများ ကူးစက်ဖြစ်ပွားမှု လတ်တလောမြင့်တက်လာသည်ကို တွေ့မြင်ကြားသိရမည်ဖြစ်သည်။
ဒေသတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါမျိုးဗီဇသည် စိုးရိမ်ဖွယ်ရာ ကြီးကြီးမားမားမရှိသဖြင့် စိတ်သက်သာရာရရှိကြမည်ဖြစ်သည်။ သို့သော် ရောဂါတစ်ခုအနေဖြင့် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေမဖြစ်ခင်က ကြိုတင်ကာကွယ် ထားခြင်းသာလျှင် အကောင်းဆုံးဖြစ်သည်။ ကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲများသည် XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါပိုးများဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှု အလွန်နည်းပါးသည့်အချက်များကို ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ ယခင်ထိုးနှံကြသော ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများဖြင့် ရောဂါပြင်းထန်မှုနှင့် သေဆုံးနိုင်ခြေကို ထိရောက်စွာလျှော့ချနိုင်သည်။
ယခင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြည်သူ့ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ်မှ ရုပ်သိမ်းခဲ့သော်လည်း ကမ္ဘာ့နိုင်ငံများအနေဖြင့် တစ်ကျော့ပြန်ဖြစ်ပွားလာနိုင်မည့် အန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲအသွင်ပြောင်းအန္တရာယ်များကိုလည်း ကြိုတင်ကာကွယ်တားဆီးနှိမ်နင်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ ဖြတ်ကျော် ဝင်/ထွက်ပေါက်များဖြစ်သော အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသ ဝင်/ထွက် ဂိတ်စခန်းများတွင် ရောဂါစောင့်ကြပ်စစ်ဆေးကြည့်ရှုခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှုကို စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းစသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
မိုးရာသီကာလတွင် စွတ်စိုသောရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို ပိုမိုစောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိသည်။ နယ်စပ်ဒေသများတွင်သာမက မြို့ပြများရှိ ပြည်သူ့ဆေးရုံကြီးများတွင်လည်း ထိရောက်စွာ ကာကွယ်ကုသမှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို စောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိရာ ယခင်ကာလများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာမရှိခဲ့သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ရောဂါပိုးရှိသူတစ်ဦး စတင်တွေ့ရှိပြီးနောက် ရောဂါဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရသည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာမရှိသော်လည်း ကူးစက်ပြန့်ပွားမှု နှုန်းမြင့်တက်မလာစေရန် ကျန်းမာရေးဌာနများအပြင် ပြည်သူများကလည်း အထူးသတိပြုလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းငယ်ဖြစ်ပေါ်ခဲ့ရာတွင် ပြင်းထန်လူနာနှင့် အထူးကြပ်မတ်ကုသပေးရသော လူနာများမရှိဘဲ ရောဂါနှင့်ပတ်သက်၍ သေဆုံးသူလည်းမရှိပေ။ သို့သော် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဦးစားပေးအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဆေးသုတေသနဦးစီးဌာနက SARS CoV-2 မျိုးရိုးဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်ဖြစ်ပွားလျက်ရှိသည်။
သို့ဖြစ်ရာ မိုးရာသီတွင်ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတို့ကို ကာကွယ်ကုသပေးကြရမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကို လက်ရှိထိုးနှံပေးနေသော ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများကလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် သတိပြုဆင်ခြင်လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ ။