Skip to main content

ကူးစက်ရောဂါအန္တရာယ် မဖြစ်မီက ကြိုတင်ကာကွယ်

လွန်ခဲ့သည့်သီတင်းပတ်က သတင်းများအရ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ပုံမှန်တုပ်ကွေးရောဂါထက် ကူးစက်မှု ခုနစ်ဆ ပိုမိုမြန်ဆန်သည့် အိုမီခရွန် XEC အမျိုးအစား ကိုဗစ်-၁၉ ရောဂါမျိုးကွဲ ကူးစက်ပျံ့နှံ့မှု အခြေအနေကို စောင့်ကြည့်နေသည်ဟုလည်းဆိုသည်။ ထိုင်းတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ လေးလခွဲမျှကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၀၀၀ ကျော်ရှိပြီး ရောဂါကြောင့် သေဆုံးသူ ၁၉ ဦးရှိခဲ့သည်ဟုလည်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၅ ရက်တွင် ယင်းကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ အရေးပေါ်အခြေအနေ မဟုတ် တော့သည့်တိုင် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာအနှံ့တွင် ဆက်လက်ကူးစက်ပျံ့နှံ့နေခဲ့ရာ ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မှုပုံစံ (Epidemic) မှ ဒေသတွင်း အမြစ်တွယ်ကူးစက်မှုပုံစံ (Endemic)သို့ ကူးပြောင်းလာကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ မြင့်တက်ခဲ့ရခြင်းသည် ဆွန်ခရမ်(ထိုင်းသင်္ကြန်) ကာလအတွင်း လူစုလူဝေးများဖြစ်ပေါ်ခဲ့ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် မိုးရာသီစတင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ကိုဗစ်-၁၉ ရောဂါသည် မကြာခဏမျိုးရိုးဗီဇပြောင်းလဲပြီး ဗိုင်းရပ်စ်မျိုးကွဲသစ်များ ထွက်ပေါ်လာခြင်းနှင့်အတူ ရောဂါကူးစက်မှုများလည်း ပြန်လည်မြင့်တက်လျက်ရှိရာ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေကြောင်း ယင်းနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးဌာနများက အသီးသီးထုတ်ပြန်ကြေညာထားကြသည်။ ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်များထွက်ပေါ်မှု၊ ကမ္ဘာ့နိုင်ငံများတွင် ကူးစက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေပြီး နိုင်ငံအတွင်း ဝင်ပေါက်ထွက်ပေါက် လေဆိပ်၊ ဆိပ်ကမ်းစသည်ဖြင့် အားလုံးတို့တွင် ကြည့်ရှုစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

မိမိတို့နိုင်ငံအတွင်းသို့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဝင်ရောက်လာချိန်မှစကာ ရောဂါကူးစက်ပျံ့နှံ့မှု ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းစသည်ဖြင့် မိမိတို့တွေ့ကြုံခံစားခဲ့ကြရပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် မည်သို့နေထိုင်ရမည်ဟူသည့် အတွေ့အကြုံများလည်း မိမိတို့တွင် ကောင်းစွာရှိခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် အထူးတလည် စိုးရိမ်ပူပန်ဖွယ်မဟုတ်ဟု ဆိုရစေကာမူ မိမိတို့နိုင်ငံသားများ ကူးသန်းသွားလာမှုများသည့် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုမြင့်တက်နေခြင်းနှင့် လူသေဆုံးမှုအချို့ရှိခြင်း၊ မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ခြင်း၊ မုတ်သုံရာသီဝင်ရောက်လာပြီး မိုးများစတင်ရွာသွန်းနေခြင်း စသည့်အခြေအနေများအရ ရောဂါကြိုတင်ကာကွယ်မှုနည်းလမ်းများကို မေ့လျော့မထားဘဲ ပြန်လည်ကျင့်သုံးနေထိုင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မပျက်မကွက်ခံယူခြင်း၊ လက်ကိုဆပ်ပြာဖြင့် သန့်ရှင်းစင်ကြယ်အောင် မကြာခဏဆေးကြောခြင်း၊ နှာချေချောင်းဆိုးပါက ပါးစပ်နှင့်နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေ သွားရောက်ပါက ပါးစပ်နှင့်နှာခေါင်းတို့လုံခြုံအောင် Mask တပ်ဆင်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရန်လိုသည်။ ကူးစက်ရောဂါများသည်မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းသာလျှင် အကောင်းဆုံးဖြစ်သည့်အလျောက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်ခြင်း၊ ရောဂါလက္ခဏာ တစ်စုံတစ်ရာတွေ့ရှိပါက အချိန်မီစစ်ဆေးကုသမှုခံယူခြင်းအားဖြင့် သက်ရှည်ကျန်းမာ ဘေးရန်ကွာကြပါစေကြောင်း။ ။