နေပြည်တော် မေ ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းလင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် ငလျင်ဒဏ်နှင့် မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာသို့ရောက်ရှိပြီး ထပ်မံတည်ဆောက်မည့် လျာထားမြေနေရာနှင့် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံခန့်ခွဲရေးရုံးသို့ရောက်ရှိပြီး အိမ်ရာများတည်ဆောက်ရာတွင် လက်ရာလက်သားကောင်းမွန်စွာဖြင့် ငလျင်ဒဏ်ခံနိုင်အောင် တွက်ချက်ဆောင်ရွက်ရန်နှင့် မြေစမ်းသပ်လုပ်ငန်းဆောင်ရွက်ရန်၊ ဝန်ထမ်းများအိမ်ရာအတွင်း အိမ်ရာစည်းကမ်းနှင့်အညီ စနစ်တကျနေထိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် မန္တလေးတက္ကသိုလ်သို့ရောက်ရှိကာ ဒုတိယဝန်ကြီးက မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့်ပွဲအမီ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန်၊ လက်ရာလက်သား ကောင်းမွန်ပြီး ခိုင်ခံ့ရေး၊ ရှေးမူလက်ရာမပျက် ဦးစားပေးဆောင်ရွက်ရန်နှင့် ဆောင်ရွက်သည့်ကုမ္ပဏီနှင့် တက္ကသိုလ်မှတာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားပြီး အင်အားပြင်းငလျင်ဒဏ်နှင့် မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးတက္ကသိုလ် ပင်မဆောင် ထိခိုက်ပျက်စီးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်