နေပြည်တော် မေ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန် စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူများ၏ သင်ခန်းစာများ ပြန်လည်လေ့ကျင့်ကျက်မှတ်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေး ကြိုးစားကျက်မှတ်ကြရန်နှင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်ရေးအတွက် နေထိုင်စားသောက်ရေးကိစ္စရပ်များ အဆင်ပြေစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်