Skip to main content

အမျိုးသားစည်းကမ်း အလေ့အကျင့်ကောင်းများ စာသင်ကျောင်းမှ စတင်လေ့ကျင့်ပျိုးထောင်

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးအတွက် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် လူတော်များဖြစ်ရုံသာမက လူကောင်းများဖြစ်လာစေရန်လည်း လိုအပ်သည်။ သို့ဖြစ်ရာ ကျောင်းနေအရွယ်ကလေး၊ လူငယ်များကို တန်းစဉ်အလိုက်၊ အသက်အရွယ်အလိုက် စာပေပညာသင်ကြားပေးခြင်းနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ စည်းကမ်း၊ ဥပဒေတို့ကို လေးစားလိုက်နာသူများ ဖြစ်စေရန်အတွက်လည်း လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်သည်။ “အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအားလုံး စည်းကမ်းလိုက်နာသူ၊ စည်းကမ်းနှင့်တစ်သားတည်းရှိသူများဖြစ်လာအောင် အလေးအနက်ထား သင်ကြားလေ့ကျင့်ပေးရန်လိုသည်။

အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအရွယ်သည် သိနားလည်သည့်အရွယ်ဖြစ်ပြီး ကလေးများလည်းဖြစ်ရာ စည်းကမ်းကို သင်ကြားပေးရန်နှင့် လေ့ကျင့်ပေးရန် အကောင်းဆုံးအရွယ်ဖြစ်သည်။ စည်းကမ်း၏သဘောသဘာဝကို နားလည်သိမြင်ပြီး မည်သည့်အချိန်အခါတွင်မဆို စည်းကမ်းကို ချိုးဖျက်ခြင်းမပြုသော ကိုယ်ရည်ကိုယ်သွေးများနှင့် ပြည့်ဝလာအောင်၊ တစ်မျိုးသားလုံး စည်းကမ်းကောင်းမွန်အောင် သင်ကြားမွေးထုတ်ပေးရမည့် ဘူမိနက်သန်မှာ အခြေခံပညာစာသင်ကျောင်းများပင်ဖြစ်သည်။ “စာသင် ကျောင်းများ၌ ပညာသင်ကြားကြစဉ် ဆရာ၊ ဆရာမများ သင်ကြားပေးလိုက်သည့် သင်ခန်းစာများ၌ ကျောင်းစာများသာမက စည်းကမ်းများလည်းပါဝင်ကြောင်း၊ ကလေးငယ်များအနေဖြင့် အမျိုးသားစည်းကမ်းနှင့်ပတ်သက်၍ အလေ့အကျင့်ကောင်းများရရှိအောင် စာသင်ကျောင်းများမှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးစဉ်အတွင်း ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လက်ရှိမိမိတို့နိုင်ငံ၏ တစ်မျိုးသားလုံး ပညာရေးအခြေအနေမှာ အားရဖွယ်ရာမရှိဘဲ နိုင်ငံအနာဂတ်အတွက် မဖြစ်မနေမြှင့်တင်ရန် လိုအပ်နေသည့်အလျောက် ပညာရေးမြင့်မားလာစေရန် နိုင်ငံတော်အစိုးရက အားထုတ်ကြိုးပမ်း မြှင့်တင်လျက်ရှိသည်။ နိုင်ငံအနေဖြင့် အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်အင်အား အမြောက်အမြားပိုင်ဆိုင်ထားသော်လည်း ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်၍ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အိမ်နီးချင်းနိုင်ငံအချို့တွင် သွားရောက်လုပ်ကိုင်နေကြရာ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိသည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် တရားမဝင်သွားရောက်လုပ်ကိုင်ခြင်း၊ ပညာရေးတွင်လည်း နိမ့်ကျခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း စသည်တို့ကြောင့် လုပ်ခလစာအရလည်း ရသင့်သလောက်မရကြသည်ကို တွေ့ရှိရသည်။ ပို၍ဆိုးသည်မှာ ၎င်းတို့ရောက်ရှိအလုပ်လုပ်ကိုင်ရာ နိုင်ငံများတွင် စည်းကမ်းမဲ့နေထိုင်ကြသူများကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်း၍ နိုင်ငံအချို့က ကန့်သတ်မှု၊ တင်းကျပ်မှုများ ပြုလုပ်လာကြခြင်းပင်ဖြစ်သည်။

လက်ရှိမိမိတို့နိုင်ငံတွင် အခြေခံပညာအတန်းအားလုံး အခမဲ့ပညာရေးစနစ်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူအားလုံး အခြေခံပညာအလယ်တန်း (KG + 9) ပြီးမြောက်အောင်မြင်သည်အထိ မသင်မနေရ သင်ယူကြရမည်ဖြစ်သည်။ KG+9 ပြီးဆုံးပါက ပုံမှန်အခြေခံပညာအထက်တန်း ဆက်လက်သင်ယူနိုင်သလို အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်သည့် အခွင့်အလမ်းများလည်းရှိနေသည်။ တန်းစဉ်အလိုက် စာပေအတတ်ပညာများနှင့်အတူ စည်းကမ်းနှင့်ပတ်သက်၍ အလေ့အကျင့်ကောင်းများကိုပါ ကောင်းစွာလေ့ကျင့် သင်ကြားပေးလိုက်သူများမှာ မည်သည့်နိုင်ငံ၊ မည်သည့်ဒေသသို့ ရောက်ရှိစေကာမူ အသိအမှတ်ပြုလေးစားမှုကို ခံယူရရှိနိုင်မည်ဖြစ်သည်။ စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်နှင့်အညီ အမျိုးသားစည်းကမ်းကို ကောင်းမွန်မြင့်မားအောင် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ကြိုးပမ်းမှုဖြင့် မြှင့်တင်ကြရပါမည့်အကြောင်း။