နေပြည်တော် မေ ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် A1 ဆောက်လုပ်ရေးဝင်းအတွင်းရှိ ဝန်ထမ်းအဆောင်များ၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းရုံးဝင်းအတွင်း၌ ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းပါ Container House များ တပ်ဆင်တည်ဆောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ မြေနေရာ ရှင်းလင်းဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ Container House များကို သတ်မှတ်အကွက်ချပုံစံအတိုင်း စနစ်တကျ တပ်ဆင်ဆောင်ရွက်ကြရန်၊ တပ်ဆင်တည်ဆောက်မည့်နေရာများတွင် ရေဝပ်မှုမရှိစေရန်နှင့် ဝင်လမ်း၊ ထွက်လမ်းများကို စနစ်တကျဆောင်ရွက်ရန်၊ ဝန်ထမ်းများကို အမြန်ဆုံးနေရာချထားပေးနိုင်ရန်အတွက် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် သဇင် (၁) အဆောင် (၁၀) သို့ သွားရောက်၍ ဝန်ထမ်းများ အဆင်ပြေစွာနေထိုင်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန်အတွက် ဝန်ကြီးဌာနရုံးအနီးတွင် နှစ်ခန်းတွဲ ဘာရှာအဆောက် အအုံများတည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို အမြန်ဆုံးပြောင်းရွှေ့နေရာချထားနိုင်ရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်