နေပြည်တော် မေ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ် (ပန်ကွဲ) ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့ တူးယားကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဆည်းပူးခြင်း
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်တို့ကို နာယူကြည်ညိုကြသည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ် ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော်ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီးကာရံကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာသရဖူတော်ကြီးနှင့် ဌာပနာတော်များကို သံဃာတော်များထံ သာဟတ္ထိကဒါနမြောက် လက်ရောက်ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများ အား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ် (တောင်ကြီး) ဒုတိယပါမောက္ခချုပ် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တာဘိပါလ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်း မှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဌာပနာတော်သွင်းလှူပူဇော်ခြင်း
ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် ဌာပနာတော်သွင်းလှူပူဇော်ခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သတ်မှတ်နေရာအသီးသီးတွင် နေရာယူ၍ ရတနာသရဖူတော်ကြီးနှင့် ဌာပနာတော်များကို လက်ဆင့်ကမ်းပင့်ဆောင်၍ စေတီတော်မြတ် ကြီးအား လက်ယာရစ် ပင့်ဆောင်ပူဇော်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် ဘုရားဒါယကာများက ဌာပနာတော်တိုက်သို့ ကြွရောက်တော်မူကြပြီး မင်္ဂလာအချိန်တွင် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရတနာသရဖူတော်ကြီးနှင့် ဌာပနာ တော်များကို သွင်းလှူပူဇော်ပြီး ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်သည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ဆိုပူဇော်ကြပြီး ဘုရားဒါယကာများနှင့် ဗိသုကာပညာရှင်များက ဌာပနာတော်တိုက်ကို ပိတ်ကြသည်။
ယင်းနောက် အခမ်းအနားမှူးက “အောင်ဆု မင်္ဂလာအမျှဝေစာတမ်း” ကို ဖတ်ကြား၍ အမျှပေးဝေခြင်းနှင့် နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီးနောက် လောကသရဖူစေတီတော် ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခြင်းအဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လောကသရဖူစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။
သီလဓမ္မဆေးရုံတော်ဖွင့်လှစ်ခြင်း
ထို့နောက် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် သီလဓမ္မဆေးရုံတော် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဉာဏသိရီက သီလဓမ္မဆေးရုံတော် ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျိုင်းတုံဒေသခံ၊ အာခါတိုင်းရင်းသားလူမျိုးအကြီးအကဲ ဦးမင်းညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် မင်္ဂလာအချိန်ရောက်သည့်အချိန်တွင် ဝစီပိတ်ဆရာတော်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီလဓမ္မဆေးရုံတော်ကို မင်္ဂလာဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီလဓမ္မဆေးရုံတော် မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူးက မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သီလဓမ္မဆေးရုံတော်အတွင်း လှည့်လည်ကြည့်ရှု၍ သီလဓမ္မဆေးရုံတော်တည်ဆောက်နေစဉ် ကာလအတွင်း သီလဓမ္မဆေးခန်းဖွင့်လှစ်ကုသပေးခဲ့မှုအခြေအနေများ၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် လက်ရှိကာလအထိ ပြင်ပလူနာအဖြစ် ကုသပေးခဲ့မှုအခြေအနေများ၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် သီလဓမ္မဆေးရုံတော်ကို တည်ဆောက်ခဲ့မှုအခြေအနေများ၊ အထူးကြပ်မတ်ကုသဆောင်၌ လူနာများကုသရာတွင် ပြည်တွင်း၊ ပြည်ပမှ အထူးကျွမ်းကျင်သည့် ဆေးပညာရှင်များနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးတိုင်ပင်ကုသခြင်းစနစ် (Teleconsultation) ဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးထားရှိမှုနှင့် လူနာ ခန်းများ၊ ခွဲစိတ်ကုသခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အခမ်းအနားများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်