အတတ်ပညာနှင့် အနုပညာတို့ ပေါင်းစပ်ပါဝင်သည့် ရုပ်ရှင်လုပ်ငန်း ကမ္ဘာပေါ်၌ စတင်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်သည်။ စတင်ပေါ်ပေါက်ခဲ့စဉ်ကတည်းကပင် လူသားတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်ခဲ့သည့်ရုပ်ရှင်သည် ယနေ့ထိတိုင် ဆက်လက်ရှင်သန်လျက်ရှိကာ လူတို့ကို ဆက်လက်ဆွဲဆောင်နိုင်စွမ်းရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ရုပ်ရှင်သည် နိုင်ငံအချို့၏ ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သောလုပ်ငန်းဖြစ်သလို မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုကို ကမ္ဘာက သိနားလည်လာစေရေး၊ မိမိတို့၏ အယူဝါဒများ၊ မိမိတို့၏ထုတ်ကုန်များကို ကမ္ဘာက လက်ခံလာစေရေးတို့အတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးချသည့် ဆော့ဖ်ပါဝါမီဒီယာတစ်ခုလည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲကာလအတွင်း ကမ္ဘာ့ရုပ်ရှင်ဈေးကွက်ကို လွှမ်းမိုးခဲ့သည့် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများကြောင့် အနောက်နိုင်ငံများကို ကမ္ဘာကိုကယ်တင်မည့် ဇာတ်လိုက်များ၊ သူရဲကောင်းဟီးရိုးများအဖြစ် ရုပ်ရှင်ပရိသတ်များက ထင်မြင်ခဲ့ကြပြီး အရှေ့အုပ်စုနိုင်ငံများကို ကမ္ဘာ့ဖျက်မည့်လူဆိုးကြီးများ၊ ဗီလိန်များအဖြစ် ရှုမြင်ခဲ့ကြသည်။ ဗလကြီးတကားကား၊ လူသတ်လက်နက်များ တစ်ထမ်းတစ်ပိုးနှင့် ဗီယက်နမ်နိုင်ငံအတွင်း ခိုးဝင်ကျူးကျော်လာသူကို သူရဲကောင်းအဖြစ် ပုံဖော်ထားပြီး ကျူးကျော်လာသူကို ခုခံတိုက်ခိုက်သည့် ဗီယက်နမ်တပ်မတော်နှင့် စစ်သည်များကို လူဆိုး၊ လူကြမ်းများအဖြစ် ပုံဖော်ခဲ့သည့်ရုပ်ရှင်ကားများဖြင့် ဗီယက်နမ်စစ်ပွဲသည် မှန်ကန်သယောင်ယောင်၊ တရားသယောင်ယောင် ထင်မြင်လာစေရန် လှည့်စားခဲ့ကြသည်။ စစ်အေးခေတ်ဂျိမ်းစ်ဘွန်းဇာတ်ကားများ၊ ရမ်ဘိုဇာတ်ကားများမှာ အနောက်အုပ်စု၏ ဆန့်ကျင်ဘက်နိုင်ငံများကို အာဏာရှင်လူကြမ်း၊ လူဆိုးခေါင်းဆောင်ကြီးများအဖြစ် ဝါဒဖြန့်ချိမှု၏ သာဓကများပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ဘောလိဝုဒ်အဖြစ် ကမ္ဘာကျော်ပြီး ၎င်းတို့ နိုင်ငံအတွက် ဝင်ငွေအမြောက်အမြားရှာဖွေပေးနိုင်သကဲ့သို့ မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှုကို ချစ်မြတ်နိုးရေး၊ ဘာသာအယူဝါဒမတူကွဲပြားသူများ ချစ်ခင်စည်းလုံးညီညွတ်စွာအတူနေထိုင်ရေး၊ ပြည်သူများ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ ကျား-မတန်းတူညီမျှရေး၊ လူ့အဖွဲ့အစည်းကို အကျိုးမပြုသည့် ဓလေ့ဟောင်း၊ အယူအဆဟောင်းများကို စွန့်လွှတ် ရေးစသည်ဖြင့် ခေတ်ကာလကိုထင်ဟပ်သော၊ လူမှုပြုပြင်ပြောင်းလဲမှု များကို ဦးတည်သော ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ထုတ်လုပ်ပြီး ၎င်းတို့၏နိုင်ငံနှင့် ၎င်းတို့၏ ပရိသတ်အတွက် တာဝန်ကျေပွန်ခဲ့ကြသည်ကို လေ့လာတွေ့ရှိနိုင်သည်။
ရုပ်ရှင်သည် ပရိသတ်အပေါ် ဩဇာလွှမ်းမိုးနိုင်သကဲ့သို့ ရုပ်ရှင်အနုပညာရှင်များသည်လည်း ပရိသတ်အပေါ် ဩဇာလွှမ်းမိုးနိုင်သည့် Influencer များပင်ဖြစ်ရာ နိုင်ငံရေးပါတီများအဖို့ အသုံးချစရာများ ဖြစ်နေပြီး ၎င်းတို့ပါတီအကျိုးစီးပွားအတွက် ဆွဲဆောင်သိမ်းသွင်းကြ မည်သာဖြစ်သည်။ အများပြည်သူအပေါ် ဩဇာသက်ရောက်လွှမ်းမိုးသည့် နယ်ပယ်အသီးသီးမှ မည်သူကိုမဆို ဆွဲဆောင်သိမ်းသွင်းနိုင်ခြင်းအားဖြင့် ပါတီကိုအင်အားကြီးမားအောင် တည်ဆောက်ရာတွင် အကျိုးဖြစ်ထွန်းမှုများစွာရရှိစေသည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် အနုပညာရှင်တစ်ဦးအနေဖြင့်ပါတီတစ်ခုခု၏ မူဝါဒ၊ လုပ်ငန်းစဉ်တို့အပေါ် ယုံကြည်ထောက်ခံခြင်း၊ နိုင်ငံသားတစ်ဦးအဖြစ် မဲပေးခြင်းတို့ရှိမည်ဖြစ်သော်လည်း ပါတီ၏အရိပ်အောက်သို့ခိုဝင်ကာ ယင်းပါတီ၏အကျိုး စီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ပေးဆပ်ရမှုများ ရှိလာတော့မည်ဖြစ်သည်။ ယင်းပါတီကို မထောက်ခံသူများ၏ အားပေးမှုကိုဆုံးရှုံးရခြင်း၊ နိုင်ငံပါတီ၏ အမှားအယွင်းနှင့် ကျဆုံးမှုတွင် အနုပညာရှင်၏ဘဝပါ ကျဆုံးခန်းသို့ရောက်ရခြင်းတို့နှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။
အနုပညာသည် နိုင်ငံနှင့်ပြည်သူအတွက်ဟု ခံယူ၍ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးသယ်ပိုးထမ်းရွက်သူ အနုပညာရှင်တို့မှာ အနုပညာမိုးကောင်းကင်တွင် ထာဝရထွန်းလင်းတောက်ပနေမည်သာဖြစ်သည်။ မျက်မှောက်ကာလ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူတို့အတွက် မဖြစ်မနေလိုအပ်သည့်အရာမှာ နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းရေးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေး၊ ပြည်သူတစ်ရပ်လုံးလိုလားသည့် ငြိမ်းချမ်းရေးတို့အတွက် မိမိတို့၏ အနုပညာ၊ အတတ်ပညာဖြင့် ကြိုးပမ်းစွမ်းဆောင်နိုင်ကြပါစေကြောင်း။ ။