နေပြည်တော် မေ ၂၃
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထုတ်ပြန်ပြီးဖြစ်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်များကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် အချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်နိုင်ရေး၊ ယင်းအတည်ပြုစာရင်းများကို ဗဟိုကော်မတီမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့တင်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ဆောင်ရွက်မည့် အစီအစဉ်၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ထပ်မံ၍ အသက်(၁၈)နှစ် ပြည့်လာမည့်သူများအပါအဝင် ပန်းခင်းစီမံချက်အဆင့်(၃)ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၀၀၀ ကျော် ထုတ်ပေးရန်လျာထားမှုနှင့် လျာထားချက် ပြီးစီးအောင်မြင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ် မှုကော်မတီအဆင့်ဆင့်က ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အရောက် တင်ပြဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးမြို့နယ် ဦးစီးမှူးရုံး၌ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရုံးခန်းအတွက် စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံပေးအပ်သည်။
ဆက်လက်၍ တိုင်းဦးစီးမှူးရုံးအတွင်း၌ ဝန်ထမ်းများက မဲစာရင်းပြုစုရာတွင် လိုအပ်သည့် အချက်အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်အတည်ပြု ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်