Skip to main content

မိုးစပါးအတွက် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့်သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကျင်းပ

နေပြည်တော် မေ ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းများအတွက် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ပြောင်းရွှေ့နေထိုင်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရုံးအမှတ်(၁၆)ရှိ ဝန်ကြီးဌာနပိုင် ဆည်တမံပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ စားရိပ်သာပြန်လည် တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံးပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာရှိ ကောင်းသစ်စံစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းသီးနှံမိုးစပါးအတွက် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်းရှိ မိုးစပါးစိုက် တောင်သူများအတွက် မျိုးစပါးနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာ၌ ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ် ရေးသမဝါယမအသင်းလီမိတက် အသင်းပိုင်မြေပေါ်တွင် နွေစပါး စိုက်ပျိုးထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ဒဏ္ခိဏသီရိမြို့နယ်ရှိ Dakhina Meat Export ကုမ္ပဏီလီမိတက်၏ အသားခြောက်ထုတ်လုပ်ခြင်းနှင့် အသားအေးခဲခန်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေး ကုန်ကြမ်းများရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများရရှိပါက လုပ်ငန်းများ အမြန်ဆုံးလည်ပတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒဏ္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးဝင်းအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများနေထိုင်နိုင်ရေး တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နေမှုကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမြေနေရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများနေထိုင်နိုင်ရေး ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မိုးမကျမီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်