Skip to main content

မိတ်ကောင်းဆွေကောင်းများသည် တန်ဖိုးကြီးသည့်အခွင့်အလမ်းကောင်း

“စာအုပ်စာပေလူ့မိတ်ဆွေ ဟူသည့်ဆိုစကားအတိုင်း စာအုပ်စာပေသည် လူတို့၏စိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်နှင့်အညီ လူတို့၏စိတ်ကို နူးညံ့စေသည့် ရသစာပေများ၊ အတွေးအခေါ်ဗဟုသုတမြင့်မားစေသည့် သုတစာပေများကိုဖတ်ရှုလေ့လာပြီး မိမိတို့ဘဝ အစဉ်တိုးတက်စေရေးအတွက် အထောက်အကူပြုနေသောကြောင့် လူတို့၏မိတ်ဆွေများဟု ဆိုလေသည်။ စာပေကိုဖတ်ရှုလေ့လာခြင်းဖြင့် အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသဖြင့် စာအုပ်စာပေသည် လူတို့ကိုအကျိုးပြုသည့် ထာဝရမိတ်ဆွေဖြစ်သည်။

မိတ်ကောင်းဆွေကောင်းများရှိခြင်းသည် မိမိတို့၏ရည်မှန်းချက်နှင့် အလုပ်အကိုင်များကို အောင်မြင်ဖြစ်ထွန်းစေသည့် အထောက်အပံ့ကောင်းများဖြစ်သည်။ နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာအောင် ဘက်စုံအရည်အချင်းပြည့်ဝသည့် လူငယ်အသိုက်အမြုံများ တည်ဆောက်နိုင်ရေး နိုင်ငံတော်က လူငယ်များကို စုစည်းပျိုးထောင်ပေးလျက်ရှိသည်။ နိုင်ငံတော်ကချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင် “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်ဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများအတွင်း မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးမဲ့မဖြစ်စေဘဲ မိမိအတွက်သော်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း အကျိုးရှိစေမည့် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းအသီးသီးကို ဖွင့်လှစ်ပေးခဲ့ခြင်းသည် မိတ်ကောင်းဆွေကောင်း လူငယ်များကို စုစည်းပျိုးထောင်ပေးခြင်းဖြစ်သည်။ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာတွင် လူငယ်များအခန်းကဏ္ဍကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်များအသိအမြင်ဗဟုသုတများ တိုးပွားစေရန်အတွက် လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး စာပေပွဲတော်များကျင်းပခြင်းနှင့် ဤသို့လူငယ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့သည် လူငယ်ကဏ္ဍကို မြှင့်တင်ပေးခြင်းဖြစ်သည်။

အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)မှ သင်တန်းသား သင်တန်းသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်၏ဒေသအသီးသီးမှ လူငယ်များသည် သင်တန်းအတူတက်ရောက်ခွင့်၊ အတူပူးပေါင်းဆောင်ရွက်ခွင့်၊ အတွေ့အကြုံဗဟုသုတဖလှယ်ခွင့်များရရှိခဲ့ပြီး စိတ်တူကိုယ်တူ မိတ်ကောင်းဆွေကောင်းများရရှိခဲ့ခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် အခွင့်အလမ်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါမိတ်ဆွေကောင်း အသိုက်အဝန်းများမှတစ်ဆင့် သူ့မိတ်ဆွေ၊ ကိုယ့်မိတ်ဆွေအသိုက်အဝန်းများ ထပ်တိုးပြီးဖလှယ်ခွင့်ရရှိခြင်းကြောင့် လူငယ်ဘဝ၌ပင်ကျယ်ပြန့်သည့် လူမှုဆက်ဆံရေးနယ်ပယ်များကို ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗလငါးတန်အနက် မိတ္တဗလဟူသည့် မိတ်ကောင်းဆွေကောင်းများနှင့် ဆုံစည်းခွင့်ရရှိခြင်းသည် အခွင့်အလမ်းကောင်းများပင်ဖြစ်သည်။ လူတို့သည် မိတ်ကောင်းဆွေကောင်းများရှိရန်လိုပြီး စာအုပ်စာပေမိတ်ဆွေတို့ကို အားကိုးအားထားပြုနိုင်သဖြင့် လူမှုဘဝတိုးတက်ရေးတွင် အထောက်အပံ့ကောင်းများ ရရှိစေသည်။ စိတ်တူကိုယ်တူ မိတ်ဆွေကောင်းများ စုဝေးပေါင်းသင်းခွင့်ရခြင်းသည် မိမိတို့ဘဝတိုးတက်ရေးအတွက် အင်အားများဖြစ်စေသည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားဖေးမပေးမှု၊ အမှားတွေ့ပါက လမ်းမှန်တည့်မတ်ပေးမှု၊ စေတနာဖြင့် ဝေဖန်ထောက်ပြမှုတို့သည် မိတ်ဆွေအချင်းချင်း ဆောင်ရွက်ပေးရလေ့ရှိသည့် အလေ့အကျင့်ကောင်းများပင်ဖြစ်သည်။ ထိုသို့မိတ်ဆွေကောင်းများကို ပိုင်ဆိုင်ထားခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမည့် အနာဂတ်ခရီးလမ်းကို ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။

လူတစ်ဦးချင်းအလိုက် မိတ်ဆွေကောင်းများ ရှိရန်လိုအပ်သကဲ့သို့ အသိုက်အမြုံများအလိုက်လည်း မိတ်ဖက်အဖွဲ့အစည်းများ တည်ဆောက်ထားကြရသည်။ တူရာတူရာ အဖွဲ့အစည်းအလိုက် စုစည်းဆောင်ရွက်ကြသကဲ့သို့ မတူရာအဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းကူညီဖေးမလက်တွဲဆောင်ရွက်ကြရသည်။ တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော်ဖြင့် စုပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် မိတ်ဆွေ ၁၀၀ ကျော်ဖြင့် စုစည်းဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဟုမှတ်ယူရမည်ဖြစ်သည်။ တိုင်းရင်းသားများအားလုံးသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက အတူယှဉ်တွဲနေထိုင်လာခဲ့ကြသည့် ညီအစ်ကိုမောင်နှမ မိတ်ဆွေအရင်းအချာများပင်ဖြစ်သည်။ တိုင်းပြည်အရေးတွင် အမှန်တရားဘက်မှ အရှိအတိုင်း ရပ်တည်ပေးသည့် နိုင်ငံများသည်လည်း မိတ်ဆွေကောင်းများပင်ဖြစ်သည်။

သို့ဖြစ်ရာ စိတ်တူကိုယ်တူ မိတ်ဆွေကောင်းများရရှိခြင်း၊ စုဖွဲ့နေထိုင်ရခြင်း၊ စုပေါင်းလုပ်ကိုင်ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ရာ အဆိုပါမိတ်ဆွေကောင်း၊ အသိုက်အဝန်းကောင်းများကို ပိုမိုခိုင်မြဲအောင်တည်ဆောက်ကာ မိတ်ဆွေအသိုက်အဝန်းများ တိုးချဲ့တည်ဆောက်၍ အသိအမြင် အကြံအစည်အလုပ်အကိုင်များ ဆွေးနွေးဖလှယ်ပြီး ပိုမိုကောင်းမွန်သည့် လူမှုဆက်ဆံရေးနယ်ပယ်နှင့် အနာဂတ်အဆောက်အအုံသစ်ကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။   ။