နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းဟုဆိုရာတွင် အဓိကအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းကို ဆိုခြင်းဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးအခြေအနေ မြင့်မားသည်နှင့်အမျှ ကျန်လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး စသည်ဖြင့် ကဏ္ဍအသီးသီးတို့လည်း လိုက်ပါမြင့်မားလာကြသည်။ နိုင်ငံများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမတူညီခြင်း၊ အနိမ့်အမြင့်ကွာဟရခြင်း၏ အခြေခံအကြောင်းတရားများတွင် အဓိကကျသည့်အချက်မှာ နိုင်ငံသားပြည်သူတို့၏ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်လိုစိတ်ထက်သန်မှုဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။
နိုင်ငံတစ်နိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ မည်မျှကြွယ်ဝစွာ ပိုင်ဆိုင်နေစေကာမူ လူတို့၏စွမ်းအားဖြင့် ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်သမျှ ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေမှာ နိမ့်ကျနေမည်သာဖြစ်သည်။ သယံဇာတအရင်းအမြစ်ကြွယ်ဝခြင်း၊ သယံဇာတအရင်းအမြစ် ချို့တဲ့ခြင်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအကြောင်းအရာမဟုတ်ကြောင်း ကမ္ဘာ့နိုင်ငံများကို လေ့လာခြင်းဖြင့်သိရှိနိုင်သည်။ ယနေ့ကမ္ဘာတွင် သယံဇာတအရင်းအမြစ် လွန်စွာချို့တဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများစွာရှိနေသည်။ ဤတွင် သယံဇာတအရင်းအမြစ်ဆိုသည်မှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်မျက်ရတနာများ စသည့် မြေအောက်သယံဇာတများရော မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေမြေ တောတောင်များ စသည့်မြေပေါ်သယံဇာတများပါ ပါဝင်သည်။ ထို့အပြင် ရာသီဥတု၊ မြေမျက်နှာပြင်၊ မြေဆီလွှာ၊ ပင်လယ်ပြင်နှင့် ထိစပ်မှုစသည့်အခြေအနေများလည်း ပါဝင်သည်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံသည် သဘာဝသယံဇာတများမှာ သဘာဝတရားကြီးက မျက်နှာသာပေးထားသကဲ့သို့ပင် ပြည့်စုံကြွယ်ဝလှသည်ကို တွေ့ရှိနိုင်သည်။
သို့ရာတွင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးဟုဆိုသည့် ဂျီဒီပီမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အနိမ့်ပိုင်း၌ကျရောက်နေသည်။ အကျိုးဆက်အားဖြင့် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်း၊ ကျန်းမာရေးအဆင့်အတန်း၊ လူနေမှုအဆင့်အတန်း စသည်တို့တွင် အိမ်နီးချင်းတို့၏ နောက်သို့ရောက်နေသည်။ နိုင်ငံက ရေ၊ မြေ သယံဇာတ ကြွယ်ဝသော်လည်း လူ့စွမ်းအား၊ လူ့လုပ်အားတို့ ချို့တဲ့သောအခါ စီးပွားဖွံ့ဖြိုးမှုနှင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးမှုတို့ နိမ့်ကျသွားခြင်းပင်ဖြစ်သည်။
“နိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ယခုထက်ပိုမို ကြိုးပမ်းဆောင်ရွက်သွားရဦးမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မူဝါဒကိုသာ ချမှတ်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် တိုက်တွန်းပေးရန်မှာ အစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ပေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လုပ်ငန်းများ ထိုက်သင့်သလောက် အောင်မြင်မှုမရှိခဲ့ကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိမ့်ကျနေသေးသည်။ သီးနှံများအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိသေး။ သို့အတွက် နိုင်ငံ့ဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ခန့် လျော့နည်းခဲ့ရသည်။ သီးထပ်စွမ်းအားများ ရာနှုန်းပြည့် ပြည့်မီမည်ဆိုပါကလည်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ဝင်ငွေပိုမိုရရှိနိုင်သေးသည်။ စိုက်မှပျိုးမှ တိုးတက်မည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် အမှန်တကယ်စိုက်ကြ၊ ပျိုးကြရမည်ဖြစ်သည်။ သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး၊ သီးထပ်စွမ်းအားများ ရာနှုန်းပြည့်ပြည့်မီရေးတို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း၊ အားနည်းချက်များကို ပြင်ဆင်ကာ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။