Skip to main content

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများစတင်

နေပြည်တော် မေ ၂၂

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့မှဇွန် ၁ ရက်အထိသတ်မှတ်၍ ကျောင်းအပ်နှံမှုလက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့်ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား ကျောင်းသူများအား တစ်ပါတည်း ပေးအပ်ကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့်ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူဦးရေ ၁၂၄၈၁၂၃ ဦးရှိပြီး စာသင်ကျောင်းများနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်လျက်ရှိသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်