Skip to main content

အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၁/၂၀၂၅) ကျင်းပ

နေပြည်တော် မေ ၂၂

အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့ဝင် အစိုးရကိုယ်စား လှယ်များတက်ရောက်ကြပြီး အလုပ်ရှင်/အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှုများကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အလုပ်ဌာနများမှ အာမခံအလုပ် သမား ၁ ဒသမ ၂၉ သန်းခန့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။

လူမှုဖူလုံရေးအဖွဲ့တွင် ဆေးရုံသုံးရုံ၊ မြို့နယ်ဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၁ ခန်း၊ Capitation Payment ဖြင့် ဆေးခန်းနှစ်ခန်း၊ Fee for Service Payment ဖြင့် ဆေးခန်း ၇၂ ခန်း၊ သားဖွားခန်း ၁၃ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းနှင့် နယ်လှည့်ဆေးကုသယာဉ် သုံးစီးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အာမခံအလုပ်သမားများ ဆေးကုသရာတွင် Out of Pocket နည်းစေရန်အတွက် ဆေးဖိုးပြန် လည်ပေးအမ်းသည့် ဓာတ်ခွဲစမ်းသပ်ခနှုန်းထားများ၊ ဓာတ်ခွဲခန်းဝန်ဆောင်ခနှုန်းထားများ၊ ကျောက်ကပ်သန့်စင်ခြင်းအတွက် နှုန်းထား၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၏ နှုန်းထားများ၊ အူအတက်ခွဲစိတ်ခြင်းအတွက် နှုန်းထားများအား ခေတ်ကာလနှင့်လျော်ညီစွာ ပြင်ဆင်သတ်မှတ်၍ ဆေးဖိုးစိုက်ထုတ်ငွေများကို ပေးအမ်းပေးလျက်ရှိကြောင်း။

အကျိုးခံစားခွင့်ထုတ်ပေးမည်

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ၏အကျိုးကို ရှေးရှုပြီး ယခုအစည်းအဝေးတွင် မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုရှိ အာမခံထားသူများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်ခြင်းနှင့် အာမခံအလုပ်သမားများ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်၊ ကောလိပ်တို့၌ အချိန်ပြည့် ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးခြင်းများအား မှတ်တမ်းတင်အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများနှင့် စပ်လျဉ်းပြီး မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(PERKESO)နှင့် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ MOC အား အသစ်ပြန်လည် လက်မှတ်ရေးထိုး၍ မလေးရှားနိုင်ငံရောက် အာမခံထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းခွင်ထိခိုက်မှုဆိုင်ရာ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ မှန်ကန်မြန်ဆန်စွာ ရရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ခေတ္တညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသားအဆင့်အဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဌာနကိုယ်စားလှယ်များက အစီအစဉ်အတိုင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်