Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး နေ့စဉ်စားသုံးသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များ လုံလုံလောက်လောက်ရှိစေရေး လုံလောက်စွာထုတ်လုပ်

နေပြည်တော် မေ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်နှင့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မေးမြန်းဆွေးနွေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ရှိ စိမ်းလန်းစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်အသင်းနှင့် “ထွန်း” ဓာတုကင်းလွတ်သမဝါယမအသင်း စိုက်ပျိုးရေးခြံများသို့ရောက်ရှိပြီး မုန်ညင်း စိမ်း/ ဖြူ၊ ယုဆိုင်၊ ထိုင်ဝမ်မုန်ညင်း၊ ဆလပ်၊ ချဉ်ပေါင်၊ မုန်လာ၊ ဖက်ဖယ်၊ ကင်ပွန်းချဉ်၊ ဆူးပုပ်၊ နံနံပင်နှင့် အခြားရာသီပေါ်သီးနှံများ စိုက်ပျိုးထားရှိမှု၊ ခြံထွက်ဟင်းသီးဟင်းရွက်များ၊ ဈေးကွက်တင်ပို့မှုနှင့် အပင်စွန့်ပစ်ပစ္စည်းနှင့် အီးအမ်ဘိုကာရှီ ရောစပ်ထားသည့် ရွက်ဖျန်းအားတိုးဆေး၊ ကာကွယ်ဆေးများ အသုံးပြုမှုတို့ကို လိုက်လံ ကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်သည် မြေဧက ၉၁၀၆ ဒသမ ၄၇ ဧက ရှိသည့်အနက်မှ စိုက်ပျိုးရေး မြေဧကမှာ ၇၄၅၈ ဒသမ ၅၇ ဧက ဖြစ်ပြီး စိမ်းလန်းစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်အသင်းတွင် အသင်းဝင် တောင်သူဦးရေ ၂၄၂ ဦးတို့က မြေဧက ၁၄၀ တွင် ဟင်းသီးဟင်းရွက်များနှင့် အခြားရာသီပေါ်သီးနှံများကိုလည်းကောင်း၊ “ထွန်း”ဓာတု ကင်းလွတ်သမဝါယမအသင်းတွင် အသင်းဝင်တောင်သူဦးရေ ၁၀၈ ဦးတို့က မြေဧက ၆၀ တွင် ဟင်သီးဟင်းရွက်များနှင့် အခြားရာသီပေါ် သီးနှံများကိုလည်းကောင်း စိုက်ပျိုးထားပြီး စိုက်ပျိုးရေးဇုန်အတွင်းမှ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်သီးနှံများအပေါ်မူတည်ပြီး ဒေသ အတွင်းရှိ လက်လီလက်ကားဈေးများသို့ နေ့စဉ်တန်ချိန် ၂၀ နှင့် ၃၀ အကြား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် C.P Group ရှိ Learning Center သို့ ရောက်ရှိကြပြီး Evaporated Cooling System ဖြင့် အဆင့်မြင့်အသားတိုးဝက် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကိုမှာကြားသည်။ အဆိုပါ Learning Center တွင် ဝက်မွေးမြူရေးခြံ ၂၇ ခြံရှိပြီးတစ်ခြံတွင် အကောင်ရေ ၆၀၀ နှုန်းဖြင့် ဝက်အကောင်ရေ စုစုပေါင်း ၁၆၀၀၀ ကျော် မွေးမြူထားရှိကြောင်းနှင့် ‌ဒေသတွင်း အသားငါးလိုအပ်ချက်များကို နေ့စဉ် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် Myanmar Green Light (MGL) စိုက်ပျိုးမွေးမြူရေးခြံ သို့ ရောက်ရှိကြပြီး ဥစားကြက်နှင့် ငါးကန်တွဲဖက် မွေးမြူထားမှု၊ ဇီဝဇိုးငှက်များ မွေးမြူထားရှိမှုနှင့် ကျွဲကောပင်များနှင့် ဒူးရင်းပင်များ စိုက်ပျိုးထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြုမှာကြားသည်။ အဆိုပါ Myanmar Green Light (MGL) စိုက်ပျိုးမွေးမြူရေးခြံသည် ဧက ၃၀၀ ခန့် ကျယ်ဝန်းပြီး ကြက်မွေးမြူရေးခြံ ၁၃ ခြံတွင် မီးကိုင်ကြက်အကောင်ရေ ၂၀၀၀၀ နှင့် ဥစားကြက်အကောင်ရေ ၈၀၀၀၀ မွေးမြူထားရှိပြီး ဒေသတွင်းရှိ လက်လီလက်ကားဆိုင်များသို့ နေ့စဉ်ကြက်ဥအလုံးရေ ၅၈၀၀၀ ကျော် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် ခန်းမသို့ ရောက်ရှိကြပြီးဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ၊ မှော်ဘီမြို့နယ်အတွင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဇုန်များအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို အပိုင်းလိုက် ခွဲခြားဆောင်ရွက်ထားရှိမှု၊ ဇုန်အလိုက်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ဇုန်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်သီးနှံ၊ အသား၊ နွားနို့နှင့်ဥများ ထုတ်လုပ်ရောင်းချပေးနိုင်မှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးဇုန်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အမြန်ဆုံးကြီးမြန်သစ်ပင်များ စိုက်ပျိုး

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက်များနှင့် အမျိုးသားရေးရည်မှန်းချက်များကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်အမျိုးသားရေးရည်မှန်းချက် ၂ ရပ်အနက်မှ ဒုတိယအချက်ဖြစ်သည့် စားရေရိက္ခာ ဖူလုံရေးကိုလည်း အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် သန့်ရှင်းသော သုံးရေ၊ သောက်ရေများ ရရှိအသုံးပြုနိုင်ရေးသည် အရေးပါကြောင်း၊ ထို့ကြောင့် ရှိပြီးရေအရင်းအမြစ်များ မဆုံးရှုံးစေရေး အထူးသဖြင့် ချောင်းဖျား၊ မြောင်းဖျားနှင့် ရေထွက်နေရာများ၏ ရေဝေရေလဲနေရာများတွင် သစ်တောများ၊ သစ်ပင်များအကြောင်း အမျိုးမျိုးကြောင့် ပြုန်းတီးမှုမရှိစေရေး ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သကဲ့သို့ ပြုန်းတီးမှုရှိပါက လည်း အမြန်ဆုံးကြီးမြန်သစ်ပင်များ စိုက်ပျိုးထူထောင်ရန်လိုအပ်ကြောင်း၊ ၎င်းအပြင် ရှိပြီးမြစ်၊ ချောင်း၊ မြောင်းများရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက် မြစ်ညာနှင့် ချောင်းဖျားနေရာများမှ စတင်၍ ရေဝေရေလဲပြုန်းတီးမှုများမှတစ်ဆင့် အပေါ်ယံမြေဆီလွှာများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း။              

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး နေ့စဉ်စားသုံးသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များ လုံလုံလောက်လောက်ရှိစေရေး လုံလောက်စွာ ထုတ်လုပ်ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ရေးဆွဲထားသည့် စီမံကိန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် သတ်မှတ်ထားသည့် စိုက်ပျိုး မွေးမြူရေးဇုန်များအလိုက် အသား၊ ငါး၊ ဥနှင့်ဟင်းသီးဟင်းရွက်များကို ထုတ်လုပ်သွားရန်လိုကြောင်း၊ လက်ရှိထုတ်လုပ်နေမှုများမှာ လုံလောက်မှုမရှိသေးသဖြင့် စီမံကိန်းရေးဆွဲသူများ၊ စီမံကိန်းအပေါ် စီမံဆောင်ရွက်ရေး ကြီးကြပ်ရမည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အကောင်အထည်ဖော်ကြရမည့် ထုတ်လုပ်သူများအနေဖြင့် လူဦးရေ နှင့်အညီ Supply နှင့် Demand ကို မျှတမှုရှိစေရေး တွက်ချက်၍ စားရေရိက္ခာဖူလုံမှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆင့်ဆင့်ကြပ်မတ်သူ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ် အကောင်အထည်ဖော်ရမည့်အပြင် မွေးမြူရေးအတွက် လိုအပ်သည့် မျိုး၊ အစာ၊ ဆေးတို့ကိုလည်း အချိန်မီရရှိရေး ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း။

လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်

၎င်းအပြင် မွေးမြူရေးလုပ်ငန်းများတွင် ဇီဝကာကွယ်မှုလုပ်ငန်း Biosecurity သည်လည်း အဓိကအရေးကြီးအတွက် စနစ်တကျကြိုတင်ကာကွယ်မှုများကို စတင်ထူထောင်စဉ်ကပင် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ စိုက်ပျိုးမွေးမြူခြင်းထက် ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးမွေးမြူရေးစနစ်များကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်း/ခရိုင် ဦးစီးမှူးများက အကြံပေးဆွေးနွေးခြင်းများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆရာစားမချန်ဘဲ ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တာဝန်ယူထားရသည့် မွေးမြူရေးဇုန်များ၊ စိုက်ပျိုးရေးဇုန်များအလိုက် လုပ်ငန်းများ အောင်မြင်မှုများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းစားရေဖူလုံမှုကို ဆောင်ရွက်ပေးနိုင်ရုံသာမက တိုင်းဒေသကြီးအတွင်း ပိုလျှံသောသား၊ ငါးများကို ခေတ်မီအေးခဲစနစ်ဖြင့် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ပို့ဆောင်နိုင်ရေးအထိ စီမံသွားရန်နှင့်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက် သွားရန်လိုကြောင်း စသည်ဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇုန်(၂)အတွင်းရှိ အသားတိုးဝက်များနှင့် အဆင့်မြင့်ဥစားကြက်များ မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

စနစ်တကျထိန်းသိမ်းထားရှိ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံကျင်းပခဲ့သည့် ညောင်နှစ်ပင် ပြည်ထောင်စုခန်းမကြီးသို့ သွားရောက်၍ ပြည်ထောင်စုခန်းမကြီးနှင့် သီးသန့်ဆွေးနွေးခန်းမများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုကာ ဒုတိယဝန်ကြီးချုပ်က သမိုင်းဝင်အဆောက်အအုံများ ဖြစ်သည့်အတွက် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် အဆောက်အအုံများ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်လျက်ရှိသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် စီမံကိန်းသို့ ရောက်ရှိကြရာ အဆိုပါဇုန်အတွင်းရှိ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက ရွှေပြည်စိုက်ပျိုး မွေးမြူရေးဇုန်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေး၊ အသားတိုးဝက်ပေါက် ထုတ်လုပ်ရေး၊ အစေ့ထုတ်ပြောင်းစပ်မျိုး (Hybrid) မျိုးစေ့စိုက်ပျိုးထုတ်လုပ်ရေး၊ တိရစ္ဆာန်အစာ ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဥစားကြက်ခြံများအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် အဆောက်အအုံများ တည်ဆောက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

Zigzag စနစ်ပုံစံဖြင့် စိုက်ပျိုးထားရှိ

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးချုပ်က မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ တိရစ္ဆာန်အစားအစာများ ထုတ်လုပ်ပြီး မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ သက်သာသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းပေးနိုင်ရေး၊ ဇုန်များမှ ထွက်ရှိသည့် အသား၊ ငါး၊ ဥနှင့် အခြားစားသောက်ကုန်ပစ္စည်းများကိုလည်း တပ်မတော်သားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျအကောင်အထည် ဖော်ကြိုးစားဆောင်ရွက်သွားရန်၊ မွေးမြူရေးလုပ်ငန်းများဖြစ်သည့်အတွက် ဇီဝကာကွယ်ရေး (Biosecurity)သည် အရေးကြီးသဖြင့် စတင်တည်ဆောက်သည့် အချိန်မှပင်စပြီး မွေးမြူရေးခြံများအပြင် စီမံကိန်းဧရိယာတစ်ခုလုံးအတွက် ကြိုတင်စီမံဆောင်ရွက်နိုင်ရေး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်၊ တိရစ္ဆာန်အစာ ထုတ်လုပ်မှုအပိုင်းတွင် ကျွမ်းကျင်ပညာရှင်များရှိပြီးဖြစ်၍ အမှန်တကယ်အောင်မြင်သည့် အစာ စပ်နည်းစနစ်များဖြစ်အောင် ဆောင်ရွက်သွားရန်၊ အစေ့ထုတ်ပြောင်းစပ်မျိုး(Hydrid)မျိုးစေ့များ ထုတ်လုပ်ရာတွင်လည်း သုံးစွဲသူတောင်သူများအတွက် အာမခံမှုရှိသည့်မျိုးများဖြစ်ရန်လိုအပ်ပြီး စိုက်ပျိုးသည့်တောင်သူများ သီးထပ်စိုက်ပျိုးနိုင်သည့် ပြောင်းမျိုးစေ့များ ဖြစ်စေရေးအတွက် ကျွမ်းကျင် ပညာရှင်များနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်၊ မွေးမြူရေးဇုန်များအလိုက် တိရစ္ဆာန်အကောင်ရေသောင်းဂဏန်း သိန်းဂဏန်းမွေးမြူရာတွင် မျိုးလုံလောက်စွာ အချိန်မီမရရှိမှုကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်များနှင့် တိရစ္ဆာန်အစာများ သက်သာသော ဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးပေးရန်နှင့် ဇုန်နယ်နိမိတ်တွင် အရိပ်ရလေကာပင်များကို အပင်သုံးတန်း Zigzag စနစ်ပုံစံဖြင့် စိုက်ပျိုးထားရှိရန်မှာကြားသည်။

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဇုန်အတွင်း DYL အသားတိုးဝက်မွေးမြူရန် တည်ဆောက်ထားရှိ သည့် အလုံပိတ်အအေးပေးစနစ် (Evaporated Auto Driking Auto Feeding System) ဝက်ခြံများနှင့် Lohmann Brown (Germany) ဥစားကြက်များကို အလုံပိတ်အအေးပေးစနစ် (Evaporated Fully Automatic System) ဖြင့် မွေးမြူထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်