ရန်ကုန် မေ ၂၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြန်မာ့အာမခံလုပ်ငန်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက် ရန်ကုန်မြို့ရှိဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် နှစ်စဉ်ဝင်ငွေတိုးတက်ရရှိလျက်ရှိပြီး ဝင်ငွေလျာထားချက်ပြည့်မီကျော်လွန်အောင် စွမ်းဆောင်ခဲ့ကြသည့် ဌာနအကြီးအကဲများနှင့်တကွ အရာထမ်း/ အမှုထမ်းအားလုံး တက်ညီလက်ညီဆောင်ရွက်ခဲ့မှုကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများကြုံတွေ့နေရသည့် မီးဘေး၊ ရေဘေး၊ လေဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်ဖြင့် ကာကွယ်ထောက်ပံ့နိုင်ရေးအတွက် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ လိုအပ်သည့် အာမခံအမျိုးအစားများကို တီထွင်ဖန်တီးပြီး လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် ကိုက်ညီသည့် အာမခံအမျိုး အစားများကို လက်တွေ့ကျကျဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ထို့ပြင် အရာထမ်း/ အမှုထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များ ကြိုးပမ်းထမ်းဆောင်ကြရာတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းကြရန် လိုအပ်ပါကြောင်း၊ အများပြည်သူနှင့် နေ့စဉ်ထိတွေ့ ဆက်ဆံကြရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ နိုင်ငံခြားသားပိုင် အာမခံလုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်အာမခံလုပ်ငန်းများနှင့် တန်းတူယှဉ်ပြိုင်၍ လုပ်ကိုင်နေရသည့်အချိန်ဖြစ်၍ မိမိတို့၏ဝန်ဆောင်မှုများကို ကောင်းသည်ထက်ကောင်းအောင် ကြိုးစားနိုင်မှ ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပပြီး လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်သောဆုရရှိသည့်ရုံးခွဲများကိုဆုများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်